Tuesday, November 26, 2013

သမထ နှင့် ကြောင်




တစ်ခါတုန်းက မာယူကဂျီလို့ခေါ်တဲ့ ဘာသာရေးကျောင်းတော်ကြီးတစ်ခုမှာ
ထင်ရှားတဲ့ ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးရှိတယ်။
သူ့မှာ သူကိုယ်တိုင် မွေးထားတဲ့ ကြောင်လေးတစ်ကောင်လည်း ရှိတယ်။
အဲဒီဘုန်းတော်ကြီးဟာ သူ့ကြောင်ကို သူ့ဘ၀နဲ့အမျှ ချစ်ခင်တယ်။
ဒါကြောင့် ကျောင်းထဲက သမထ ဘာဝနာနဲ့ပတ်သက်လို့
သင်တန်းပေးလေ့ကျင့်တဲ့အခါ သူ့ကြောင်ကို ဘေးမှာ အမြဲတမ်းထားထားတယ်။
ဒါဟာ သူ့တပည့်ကျောင်းသားတွေအတွက် ဖြစ်ရိုးဖြစ်စဉ် မထူးခြားတဲ့
အစဉ်အလာတစ်ခုလို ဖြစ်လာတယ်။

ဒီလိုနဲ့ တစ်မနက်မှာတော့ သူတို့ဟာ အိုမင်းလှပြီဖြစ်တဲ့
ကျောင်းထိုင်ဘုန်းကြီးကို ငြိမ်ငြိမ်သက်သက် သေဆုံးနေတာ တွေ့ကြရတယ်။
" ဒီကြောင်ကို ဘယ်လိုလုပ်ကြမလဲ " တပည့်တွေအချင်းချင်း မေးကြတယ်။
နောက်တက်လာတဲ့ ဆရာလုပ်တဲ့သူဟာ ကွယ်လွန်သွားတဲ့
သူ့ဆရာကို လေးစားမြတ်နိုးသူဖြစ်တယ်။

နောက်ဆုံး ဒီကြောင်ကို ကျောင်းမှာပဲ ဆက်မွေးထားဖို့ သူက ဆုံးဖြတ်လိုက်တယ်။
ဒီကြောင်ဟာ အရင်ကလို သူတို့ သမထလေ့ကျင့်တဲ့အခန်းမှာ
ငြိမ်ငြိမ်သက်သက် ထိုင်မြဲထိုင်နေတယ်။

အနီးအနားကျောင်းတော်တွေက ပညာသင်တပည့်တွေ၊ ဒီကျောင်းကြီးကို
ခဏ၀င်ရောက်တည်းခိုတဲ့ ဘုရားဖူးခရီးသွားတွေဟာ ဒီအဖြစ်ကို
မြင်တွေ့သွားကြတယ်။ ဒီကြောင်းကြီးဟာ ဒီနေရာဒေသတစ်ဝိုက်မှာ
အင်မတန် ကြီးကျယ်တဲ့ကျောင်းဖြစ်တယ်။
ကြောင်တစ်ကောင်ဟာ သမထ ထိုင်နေတဲ့နေရာမှာ
ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ဇာတ်လမ်းဟာ
အဲဒီကနေ စတင် ပြန့်ပွားသွားတယ်။

နှစ်များစွာကြာတဲ့အခါ အဲဒီကြောင်ဟာ သေဆုံးသွားတယ်။
ကျောင်းတော်ကြီးက တပည့်တွေဟာ တရားထိုင်တဲ့နေရာမှာ
ကြောင်တစ်ကောင်ရှိနေတာ အလေ့အကျင့်လို ဖြစ်နေတဲ့အတွက်
ဒီအတိုင်း မနေတတ်တော့ပဲ အခြားကြောင်တစ်ကောင်ကို
အစားထိုးမွေးမြူလိုက်တယ်။

အဲဒီအချိန်အခါလောက်မှာပဲ တခြားကျောင်းတော်တွေမှာ
သမထထိုင်တဲ့အခန်းတွေမှာ အသုံးပြုရအောင်
ကြောင်တွေကို မွေးမြူတဲ့အကျင့်က စတင်ထွန်းကားစပြုနေပြီ။
သူတို့က ပျံလွန်တော်မူသွားတဲ့ မာယူကဂျီ ကျောင်းတော်က
ဆရာတော်ကြီး နာမည်သတင်းထင်ရှားတာ၊ 
သူ့ရဲ့ဆုံးမသင်ကြားချက်တွေဟာ
ထိရောက်ကောင်းမွန်တာတွေဟာ ဒီကြောင်ရဲ့ စွမ်းပကား
တစ်နေရာရာက ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်နေကြပြီး
ကွယ်လွန်သွားတဲ့ ဆရာတော်ကြီးရဲ့ သီလသမာဓိ
စင်ကြယ်အားကောင်းမှုကိုတော့ မေ့လျော့နေခဲ့ကြတယ်...။

မျိုးဆက်တစ်ဆက် ကုန်လွန်သွားတယ်။
သမထ ဘာဝနာတရား အားထုတ်တဲ့နေရာမှာ ကြောင်ရဲ့ အရေးပါပုံဟာ
ကျင့်စဉ်နည်းပညာတစ်ရပ်အလား လူထုအကြားမှာ ပြန့်ပွားလာတယ်။
ဒီအကြောင်းကို တက္ကသိုလ်က ပါမောက္ခတစ်ယောက်ကလည်း
ကျမ်းပြုပြီးရေးသားထုတ်ဝေလိုက်တယ်။
အဲဒီကျမ်းထဲမှာ လူတစ်ယောက် သမာဓိသမထ စွမ်းအင်တွေရရှိဖို့
ကြောင်တစ်ကောင်ရဲ့ အထာက်အပံ့ လိုအပ်ကြောင်း ဖော်ပြထားတယ်။

ဒီလိုနဲ့ ရာစုနှစ်တစ်ခု ကုန်ဆုံးသွားတယ်။
သမထဘာဝနာကို လေ့လာလိုက်စားရာမှာ
ကြောင်တစ်ကောင်ရဲ့ စွမ်းပကားဟာ
တစ်စိတ်တစ်ပိုင်းအနေနဲ့ လိုအပ်တယ်ဆိုတဲ့
ကိစ္စဟာ အခိုင်အမာဖြစ်နေခဲ့တယ်။

အဲဒီအချိန်မှာပဲ ဒီကျောင်းတော်ကို အုပ်ချုပ်ဖို့ ဆရာအသစ်တစ်ဦး
ရောက်ရှိလာတယ်။ အဲဒီဆရာဟာ ကြောင်မွေးမြူရမှာကို ရွံရှာတဲ့လူဖြစ်တယ်။
သူက သမထကျင့်တဲ့အခန်းထဲမှာ တပည့်တွေနဲ့အတူရှိနေတဲ့ ကြောင်ကို
ရွှေ့ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အများက ၀ိုင်းကန့်ကွက်ပေမယ့်
သူကတော့ အလျှော့မပေးဘူး။
သူဟာ ထူးချွန်တဲ့ ဆရာတစ်ယောက်ဖြစ်တယ်။
ကြောင်မရှိဘဲနဲ့ သူ့တပည့်တွေ တိုးတက်မှုရှိအောင်
သူဟာ စွမ်းဆောင် သင်ကြားနိုင်ခဲ့တယ်။

အဲဒီအချိန်မှာပဲ ဘုန်းကြီးကျောင်းတွေဟာ
တခြားနည်းလမ်းသစ်တွေကို ရှာဖွေ စူးစမ်းလာကြတယ်။
သမထထိုင်တဲ့အခန်းတိုင်းမှာ ကြောင်တစ်ကောင်စီထားရတော့
ကြောင်တွေအများကြီးကို အစာကျွေးဖို့
ဝန်ထုပ်ဝန်ပိုးဖြစ်လာတဲ့ဒဏ်ကို သူတို့ မခံနိုင်ကြတော့ဘူး။
ဒါကြောင့် ကျောင်းတွေမှာ ကြောင်တွေကို
စတင် ဖယ်ရှားလိုက်ကြတယ်။

ဒါဟာ တော်လှန်ရေးအသစ်တစ်ခုလို ဖြစ်နေတယ်။
နောက် အနှစ်နှစ်ဆယ် လောက်ကြာတဲ့အခါ ဒီအကြောင်းကို
စာအုပ်ရေးသားပြုစုကြတယ်။
စာအုပ်နာမည်က " ကြောင်မပါတဲ့ သမထ၏ အရေးပါသော အချက်များ " တဲ့။

နောက် ရာစုနှစ်တစ်ခု ကုန်လွန်သွားတယ်။ သမထဘာဝနာကျင့်ကြံတဲ့
ကျောင်းတွေမှာ ကြောင်တွေဟာ လုံးဝပဲ ပျောက်ဆုံးသွားကြတယ်။

ဒီလို မူလအခြေအနေ ပြန်ရောက်ဖို့အတွက် နှစ်ပေါင်း ၂၀၀ ကြာအောင်
အချိန်ယူခဲ့ကြရတယ်။ အခုအချိန်မှာတော့ ဘယ်သူကမှ
" ဒီကျောင်းမှာ ဘာလို့ ကြောင်မရှိရတာလဲ" လို့ မေးမနေကြတော့ပါဘူး....။

- The Importance of the Cat in meditation

Friday, November 8, 2013

7 Days Daily က ရေးတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး လုံခြုံရေးပစ်ခတ်မှု ဖြစ်ရပ်မှန်



ဒီနေ့ ထုတ် 7 Days သတင်းစာ ဖတ်လိုက်ရတော့ ကွယ်လွန်သွားပြီဖြစ်တဲ့
သတင်းစာဆရာကြီး ဂါဒီယန် ဦးစိန်ဝင်းရေးခဲ့တဲ့ “သတင်းကို သတင်းလိုရေးပါ” ဆိုတဲ့ စာကြောင်းလေးကို ဖျတ်ခနဲ သတိရမိတယ်။ သတင်းပါ ဖြစ်စဉ် အကြောင်းအရာကတော့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနားမှာ ဖြစ်ခဲ့တဲ့ လုံခြုံရေး အဖွဲ့က ပစ်ခတ်လိုက်တဲ့ သတင်းပါ ။ ဒီအကြောင်းအရာ ဟာ ကိုယ်နဲ့ သိပ်ပြီး ပါတ်သတ် လှတယ်တော့ မဟုတ်ပေမယ့် မီဒီယာက မီဒီယာ အလုပ် မလုပ်တော့ အဖြစ်မှန် သိနေတဲ့ ကျွန်တော်ကပဲ ရှင်းပြလိုက်ပါတယ်။

-၁၁ -၂၀၁၃ ရက်နေ့ မနက် ၀၀-၄၅ မိနစ် အချိန်မှာ အရပ်သားပွဲစား (၄) ယောက် ဖြစ်တဲ့ ကိုကျော်ဝေထက် ၊ ကိုမျိုးညီညီထွေး ၊ ကိုစိုင်းဝေဖြိုး ၊ သူငယ်ချင်းတစ်ယောက် နဲ့  ဒုလက်ထောက်ညွှန်မှူး ဦးသိန်းဇော်ထွန်းအပါအ၀င် အားလုံးပေါင်း ၅ ယောက်က  မူဆယ်ဘက်မှာ အရက်သောက် စား မူးယစ်ပြီး ပြန်လာကြပါတယ်။ အဲ့ဒီအချိန် မူဆယ်၁၀၅ မိုင်ဂိတ်နှင့် မနီးမဝေးမှာ တပ်မတော် မှ လုံခြုံရေးအတွက် တာဝန် ကျနေတဲ့ ရဲဘော် ၅ ယောက်လည်း တာဝန်ထမ်းဆောင်နေပါတယ်။ နယ်စပ်ဂိတ် တွေ မှာ မူးယစ်ဆေးဝါး တွေ တင်သွင်းနေတယ်ဆိုတဲ့ သတင်းတွေ အရ တပ်ဘက်မှ ပူတွဲတာဝန်ထမ်းဆောင်ဖို့ အတွက်       တပ်မတော်သား ၅ ဦးက အမြဲတမ်း လုံခြုံရေးတာဝန်ယူပေးရပါတယ်။ 

အရက်သောက်ပြီးပြန်လာတဲ့ ကို ကျော်ဝေထက်တို့ အုပ်စု ဟာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် သားတွေကို ကားနဲ့ ၀င်တိုက်ပြီး မောင်းပြေးခဲ့ပါတယ် ။အဲ့အချိန်မှာ ကျန်တဲ့ ရဲဘော် (၂)ယောက် က ကားကို ရပ်ဖို့ ပြောနေတာတောင် မရပ်ပဲ နဲ့ ကိုကျော်ဝေထက်တို့ အုပ်စုက မောင်းပြေးခဲ့လို့အခုလို ပစ်ခတ် မှုတွေ ဖြစ်ကုန်တာပါ။ ၀င်တိုက်ခံလိုက်ရတဲ့  ရဲဘော် (၃) ဦး ဟာ အခု အပြင်းအထန် ဒဏ်ရာ ရပြီး ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူနေရပါတယ်။(ရဲဘော် ၁ ယောက်ဆိုရင် ခြေသလုံး အရိုးထက်ပိုင်း ကျိုးပြီး ငေါ့ထွက် နေ တဲ့ အဆင့်ထိရောက်ပြီး အခြေအနေတော်တော်ဆိုးပါတယ်)။ 

 မောင်းပြေးတဲ့ (၅)ယောက်မှာ ယာဉ်မောင်းက ကိုစိုင်းဝေဖြိုးပါ။သေဆုံးသွားတဲ့ တစ်ဦးကတော့ ကိုကျော်ဝေထက်ပါ။ လုံခြုံရေးတာဝန်အရ ကင်းစောင့်နေသော ရဲဘော်များအားဝင်တိုက်ကာ ထွက်ပြေးသွားသည့်အတွက် ရပ်တန့်ရန်ပြောဆိုသော်လည်း ရပ်တန့်မှုမရှိခဲ့သဖြင့်  ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  

ဒါကြောင့် ဒီဖြစ်စဉ်မှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာ စာဖတ်သူများအားလုံး သိလောက်ပါပြီ။အစကတည်းက သတင်းစာတွေက အဂတိ ကင်းကင်း ၊ ဘက်လိုက်မှု ကင်းကင်းနဲ့  သတင်းကို သတင်းလိုရေးရင် ဖြစ်စဉ်က ရှင်းပါတယ်။ဒါကြောင့် သတင်းဂျာနယ်တွေ ရေးတိုင်းလည်းချင့်ချိန်ယုံကြပါလို့ပဲ အကြံပေးချင်ပါတယ်။

ဝန်ထမ်းတစ်ဦး

Wednesday, November 6, 2013

လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် မူးယစ်ဆေးဝါး



၂၀၁၀ ခုနှစ်တွင် တပ်မတော်အစိုးရမှ ပြည်သူလူထုရွေးကောက်တင်မြောက်လိုက်သည့် အရပ်သားအစိုးရထံသို့ အာဏာလွှဲပြောင်း ပေးအပ်ခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအား နိဂုံးချုပ်စေကာ ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ်အဖြစ်သို့ ပြောင်းလဲခဲ့သည်မှာ ယခုဆိုလျှင် တည်ဆဲအစိုးရ၏ သက်တမ်းပင်လျှင် ကုန်ဆုံးရန် သိပ်မလိုတော့ပြီဖြစ်သည်။ ထိုသို့သော အကူးအပြောင်းကာလတွင် ဝေဖန်မှုအချို့ရှိလင့်ကစား ပြည်တွင်းအသိုင်းအ၀ိုင်းနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းများမှ ထင်မှတ် မထားလောက်အောင်ပင် ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်ခဲ့သလို ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး တိုက်ပွဲများ ဖြစ်ပွားသည်ဟု သတ်မှတ်ခံထားရသော နေရာအချို့ကိုလည်း တည်ငြိမ် အေးချမ်းစေခဲ့ပြီး ကေအိုင်အေကဲ့သို့သော အဖွဲ့အစည်းအချို့မှအပ ကျန်ရှိသော လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနီးပါးနှင့် အပစ်အခတ်ရပ်စဲကာ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်ပေသည်။

          နှစ်ဦးနှစ်ဖက် အပြန်အလှန် သံသယအချို့ ရှိနေဆဲဖြစ်သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေမှာ အလားအလာ အလွန်ကောင်းမွန်နေကြောင်း တွေ့ရှိရမည်ဖြစ်ကာ တပ်မတော်အနေဖြင့်လည်း သမ္မတကြီး၏ အမိန့်အား လိုက်နာကာ အတတ်နိုင်ဆုံး သည်းခံခဲ့သည်ကို လွန်ခဲ့သောနှစ်များက ကေအိုင်အေနှင့်ဖြစ်ပွားခဲ့သည့် မြန်မာပြည်မြောက်ပိုင်းရှိ တိုက်ပွဲများက သက်သေခံနေပေသည်။

လွန်ခဲ့သောနှစ်များစွာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ရည်မှန်းချက်မှာ တိုင်းရင်းသားအရေး၊ မိမိတို့နယ်မြေပိုင်ဆိုင်မှု အရေးသာဖြစ်ခဲ့သော်လည်း ယခုအခါ မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်ရောင်းချမှုများ၊ တရားမ၀င် သစ်ထုတ်ယူမှုများဖြင့် အဆမတန် ချမ်းသာလာခဲ့သော ထိပ်ပိုင်းမူးယစ်ရာဇာများ၏ အကျိုးစီးပွားအတွက်သာ ဖြစ်လာခဲ့ပြီး ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ၄င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ ဘိန်းစိုက်ခင်းများအား အစိုးရစစ်ကြောင်းများမှ ဖျက်ဆီးခြင်းအား ကာကွယ်ရန်အတွက်သာ ဖြစ်လာခဲ့သည်ကိုတွေ့မြင်ရမည်ဖြစ်ပေသည်။

          ယနေ့အချိန်အခါတွင် အစိုးရမှ မီဒီယာလွတ်လပ်ခွင့်အား အိမ်နီးချင်းနိုင်ငံများမှ အံ့သြ
ရလောက်အောင်ပင် ကင်းလွတ်ခွင့်ပေးခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့၏ ဗျူဟာမှာလည်း ပြောင်းလဲလာခဲ့ကာ မီဒီယာများနှင့် ထိတွေ့ဆက်ဆံလာပြီးနောက် ၄င်းတို့
အဖွဲ့အစည်းများ၏ သတင်းများ၊ တွေ့ဆုံဆွေးနွေးမှုများကိုလည်း ပုံနှိပ်စာမျက်နှာများထက်တွင်
တွေ့မြင်လာရပေသည်။

          ဤသည်မှာ ယခင်ကကဲ့သို့သော အခြေအနေမျိုးထက်စာလျှင် များစွာ တိုးတက်လာ သော်လည်း တပ်မတော်စစ်ကြောင်းများမှ ၄င်းတို့၏ ဘိန်းစိုက်ခင်းများအားဖျက်ဆီး၍ တိုက်ပွဲများ ဖြစ်ပွားသောအခါတွင်မူ မီဒီယာအကာအကွယ်ယူ၍ တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား တိုက်ခိုက်နေသယောင် သက်ဆိုင်ရာ မီဒီယာတိုက်၏ လက်နက်ကိုင် အဖွဲ့အစည်းနှင့် ဆိုင်သော ကိစ္စများတွင် တာဝန်ယူထားသော ငယ်ရွယ်နုနယ်သေးသည့် သတင်းထောက် အချို့အား မဟုတ်မမှန်သတင်းများနှင့် ငွေကြေးအချို့ပေးကာ မူးယစ်ဆေးဝါးကဲ့သို့သော ကိစ္စရပ်များအတွက် အသုံးချလာနေသည်ကိုလည်း စိတ်မကောင်းစွာ တွေ့မြင်လာရပြီဖြစ်သည်။

          စိုက်ပျိုးထားသော ဘိန်းခင်းများအား အစေးခြစ်ချိန်ရောက်လာပြီဖြစ်သည့် ယခု နိုဝင်ဘာလမှ စတင်ကာ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတပ်များအကြား တပ်ပွဲများ ပြန်လည်ဖြစ်ပွားလာနေသည်ကိုလည်း နိုင်ငံရေးစိတ်ဝင်စားသူအချို့ သတိထားမိမည်ဖြစ်ပေသည်။ အစိုးရမှ အပစ်အခတ်ရပ်စဲထားသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်သည့် ကောင်ဆိုင်း၊ ဟိုနမ့်၊ ထီပင်၊ ပွန်ချောင်းတစ်ဝိုက်တွင် နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားနေသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုလက်အောက်ရှိ တပ်မတော်စစ်ကြောင်းမှ တပ်ခွဲတစ်ခွဲအား ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရကာ တပ်ခွဲမှူးအရာရှိနှင့် စစ်သည်အချို့ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် အပါအ၀င် ဘိန်းခင်းများအားဖျက်ဆီးရန်ရောက်ရှိလာသည့် တပ်မတော် စစ်ကြောင်းများနှင့် တိုက်ပွဲငယ်များဖြစ်ပေါ်ခဲ့သည်ကိုလည်းတွေ့ရမည်ဖြစ်သည်။

          အခုအချိန်က ဘိန်းပေါ်တဲ့ရာသီဆိုတော့ တိုက်ပွဲတွေအဖြစ်များတယ်၊ အစိုးရတပ်ကလည်း ဘိန်းဖျက်ဖို့ရောက်ရောက်လာတော့ ဘိန်းခင်းတွေမှာရှိတဲ့ ရှမ်းအဖွဲ့တွေနဲ့ ချကုန်ကြရော၊ ပုံမှန်ဆိုရင်တော့ ရှမ်းတပ်ဖွဲ့တွေသိပ်မရှိဘူး အင်အား လေးငါးဆယ်လောက်ပဲ၊ ဘိန်းခြစ်တဲ့အချိန်ဆိုရင်တော့ ဘိန်းခင်းတွေကို ကာကွယ်ဖို့ဆိုပြီး လွယ်တိုင်းလျန်ဘက်က အင်အားနှစ်ရာ၊ သုံးရာလောက်ဆင်းလာကြတယ်။ ကျွန်တော်တို့ ဒေသခံတွေကတော့ တိုက်ပွဲတွေ မဖြစ်ပွားစေချင်ဘူး အေးအေးချမ်းချမ်း နေချင်လှပြီဟု လုံးတူးတန့် ကျေးရွာဒေသအခေါ် ကျောက်တုံးကြီးကျေးရွာမှ ရွာသားတစ်ဦးနှင့် လိုင်ခါးကျေးရွာမှ ရွာသားတစ်ဦးမှလည်း ပြောကြားခဲ့သည်။ ဒီနားတ၀ိုက်က PNO ပြည်သူ့စစ်တွေလည်းရှိတယ်၊ နားရိုင်း ပြည်သူ့စစ်အဖွဲ့လည်း ရှိတယ်ဆိုတော့ ရှမ်းတပ်တွေက လာရင်လည်း လူအများကြီးနဲ့ လာလေ့ရှိတယ်။ သူတို့ အချင်းချင်းလည်း ချကြတာပဲ၊ အများဆုံးကတော့ PNO အဖွဲ့တွေနဲ့ချကြတာဟုနောင်ဘိုကျေးရွာမှ အမျိုးသမီးတစ်ဦးကလည်းပြောကြားခဲ့သည်။

          ဘိန်းစိုက်တာကတော့ လူတိုင်းသိနေတာပဲ ဒါပေမယ့် ဘာပြောလို့ရမှာလဲ၊ ဒေသခံတွေကို သူတို့က မျိုးတွေထုတ်ပေးပြီး စိုက်ခိုင်းတယ်၊ စိုက်ပြီးလို့ ဘိန်းခြစ်ပြီးသွားရင်သူတို့ဆီကိုပဲ ပြန်သွင်းရတယ်၊ မျိုးစေ့ပေးကတည်းက ဘိန်းခြစ်ပြီးရင် ဘယ်နှစ်လုံးထွက်မယ်ဆိုတာ (ဘိန်းလုံးတစ်လုံးလျှင် တစ်ပိဿာအလေးချိန်ရှိသည်) သူတို့ကကြိုတွက်ပြီးသား တစ်ခါတလေ တောင်ကြီးဘက်ကလူတွေပါ ဆက်ကြေးပေးပြီး လာစိုက်ကြတယ်ဟု နောင်လေကျေးရွာမှ ရွာခံတစ်ဦးကလည်း ပြောကြားခဲ့သည်။

          အမေရိကန်အပါအ၀င် နိုင်ငံအတော်များများမှလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချလျက်ရှိပြီး တာဝန်ရှိသည့် ထိပ်တန်းခေါင်းဆောင်များကိုလည်း ဆုငွေဒေါ်လာ သန်းချီထုတ်ကာ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ကိုတွေ့မြင်နိုင်ပေသည်။ ပြီးခဲ့သည့် ၅.၉.၂၀၁၃ ရက်နေ့ထုတ် The Daily သတင်းစာနှင့် The Independent သတင်းစာတို့တွင်လည်း မြန်မာနိုင်ငံတွင် အမြောက်အမြား ထုတ်လုပ်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး စက်ရုံများအား ပိတ်သိမ်းပေးဖို့ ဖိအားပေးရန်အတွက် မြန်မာအစိုးရအား မေတ္တာရပ်ခံ တိုက်တွန်းသွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မူးယစ်ဆေးဝါး စက်ရုံများအား နေရာအတိအကျဖြင့် ဖော်ပြခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပေသည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံသည် ဘိန်းထွက်ရှိသည့် နေရာတခုသက်သက်မဟုတ်တော့ပါ။ ထိုင်းနိုင်ငံတွင် လူသန်းနှင့်ချီ၍ သုံးစွဲနေကြသည့် မက်သဖက်တမင်း စိတ်ကြွဆေးအများစုကို ထုတ်လုပ်ပေးနေသည့် နေရာလည်းဖြစ်နေပါသည်။ အမေရိကန်ကွန်ဂရက် လွှတ်တော် သုတေသနအဖွဲ့၏ ခန့်မှန်းမှုအရ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များ၏ မူးယစ်ဆေးကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနှင့် ၂ ဘီလီယံအကြားတွင် ရှိသည်ဟုသိရသည်။

          မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံနေရာကိုအာဖဂန်နစ္စတန်သို့ ပေးအပ်လိုက်ရသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်းဒုတိယနေရာမှာတော့ ခိုင်ခိုင်မာမာရပ်တည်လျှက် ရှိနေသေးပေသည်။





The Daily သတင်းစာနှင့် The Independent သတင်းစာတို့တွင်ဖော်ပြခဲ့သော မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ မူးယစ်ဆေးဝါးစက်ရုံများတည်ရှိရာနေရာနှင့် အရေအတွက်

စဉ်
အဖွဲ့အစည်း
အရေအတွက်
တည်နေရာ
၁။
KIA
၁၀
ကွတ်ခိုင်
၂။
ဦးယောပြည်သူ့စစ်
ကွမ်းလုံ
၃။
ပန်းဆေးကျော်မြင့် (ခ) ရန်မော်လင်း
နမ့်ခမ်း
၎။
မိုင်းပန်ပြည်သူ့စစ်
တန့်ယန်း
၅။
မိုင်းလားပြည်သူ့စစ်
တန့်ယန်း
၆။
ရှမ်းမြောက် RCSS
တန့်ယန်း
၇။
SNPL
ဟိုမိန်း
၈။
UWSA
မိုင်းတုံ
၉။
ကိုးကန့်
မိုင်းတုံ
၁၀။
လားဟူပြည်သူ့စစ်
မိုင်းဆတ်
၁၁။
UWSA
မိုင်းဆတ်
၁၂။
UWSA
တာချီလိတ်
၁၃။
UWSA
မိုင်းပန်
၁၄။
SNPLO
မောက်မယ်
၁၅။
MNDAA
ကိုးကန့်

          အစိုးရမှ ကမ်းလှမ်းထားသည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး စာချုပ်အား ယခုလတွင် လက်မှတ်ရေးထိုးနိုင်ခဲ့သော် အမှောင်ထုထဲ အတွေးကိုယ်စီနှင့် အိပ်စက်ခဲ့ကြရသည့် အောက်ခြေရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များအဖို့ နံနက်မိုးသောက် အလင်းရောက်မည့်အချိန်၊ အာရုဏ်ဦးကာလတစ်ခုသို့ ရောက်လာတော့မည်ဖြစ်ပေသည်။

          နိုဝင်ဘာလအတွင်း တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် တိကျသောအဖြေတစ်ခု၊ အနာဂါတ်သမိုင်းတွင် အရေးပါမည့် ဆုံးဖြတ်ချက်များ ပေးရပေတော့မည်။ အရေးပါပြီဆိုသည်နှင့် အရာရောက်အောင်လည်း အတိတ်သမိုင်းကိုမမေ့မလျော့ အနာဂါတ်နိုင်ငံ၏ အကျိုးစီးပွားကို တိုးပွားစေဖို့ မိမိတို့၏ အဆုံးအဖြတ်သည် လိမ်လိမ်မာမာပါးပါးနပ်နပ်ရှိကြဖို့ ဤဆောင်းပါးဖြင့်  တိုက်တွန်းလိုက်ရပါသည်။


- ဤဆောင်းပါးဖြစ်မြောက်ရေးအတွက် ဒေသခံရွာသူရွာသားများနှင့် တွေ့ဆုံနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျေးရွာလူကြီးများ၊ ရထားလမ်းမကြာခဏချော်ကျသည့်ကြားမှ လိုက်လံပို့ဆောင်ပေးသော မြန်မာ့မီးရထား တာဝန်ရှိဝန်ထမ်းများနှင့် ကျေးဇူးတင်ထိုက်သူအားလုံးအားအထူးကျေးဇူးတင်ရှိပါကြောင်း။

ပရိုမီးသီးယပ်စ်
         
         







          

Tuesday, October 15, 2013

`နိုင်ငံသားတိုင်းက နိုင်ငံတော်ကို ကာကွယ်ရမည်`



`နိုင်ငံသားတိုင်းက နိုင်ငံတော်ကို ကာကွယ်ရမည်`
-------------------------------------------------------------
မေသင်္ကြန်ဟိန်(မြစ်မခ)
အောက်တိုဘာ ၁၄၊ ရန်ကုန်မြို့။

မြန်မာနိုင်ငံအနေနဲ့ အာစီယံအလှည့်ကျဥက္ကဋ္ဌ ရာထူးကို ဘရူးနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာစီယံထိပ်သီးအစည်းအဝေး အခမ်းအနားမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က လက်ခံလွဲပြောင်းရယူလိုက်တဲ့ အတွက် မြန်မာနိုင်ငံသားပီပီ ၀မ်းသာမိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ ၊ ဒီဇင်ဘာလမှာဆီးဂိမ်းကျင်းပရေး ၂၀၁၄ မှာ အာစီယံဥက္ကဋ္ဌတာဝန်ရယူခြင်း စတာတွေကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ၀မ်းသာဂုဏ်ယူဖွယ်ရာတွေပဲ ဖြစ်တယ်လို့ ယူဆမိပါတယ်။

ဒါပေမဲ့လည်း သတင်းဋ္ဌာနအချို့နဲ့လူမှုကွန်ရက်တွေ ၀က်ဆိုက်တွေမှာတော့ အပျက်သဘောအမြင်နဲ့ ဖော်ပြကြတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး တွေ စတင်ဖြစ်ပေါ်နေပေမယ့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို မဖြေရှင်းနိုင်တာတွေရှိနေတယ်ဆိုပြီး သုံးသပ်လာကြသလို၊ မြန်မာအစိုးရဌာနအတွင်း အရည်အချင်းပြည့်မှီတဲ့ ဝန်ထမ်းတွေ နည်းပါးတဲ့အပြင် အခြေခံအဆောက်အဦးတွေမလုံလောက်တာ အင်တာနက်ကလည်း နှေးကွေးတဲ့ကိစ္စရပ်တွေကိုလည်း အပျက်သဘောအမြင်နဲ့ ရှုံ့ချလာတာလည်း တွေ့ရပါတယ်။

အပြုသဘောဆောင်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးဂုဏ်ယူနိုင်ရေးအမြင်မျိုးထက် နိုင်ငံတော် သိက္ခာကျရေးကိုပဲ ဦးတည်လာသလားဆိုတာကိုလည်း စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ ဆီးဂိမ်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ရင် အရှေ့တောင်အာရှနိုင်ငံတွေမှာသာမက ကမ္ဘာကပါ မြန်မာကို အထူးအာရုံစိုက်စရာကိစ္စရပ်ဖြစ်သလို နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ရဲရဲတင်းတင်း ၀င်ရောက်ဖို့အတွက်လည်း အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်သလို၊ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လမ်းစတစ်ခု ဖြစ်လာနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာက ၀င်ရောက်မြှုပ်နှံလာခဲ့ရင်တော့ အိမ်နီချင်းနိုင်ငံအချို့အတွက် စီးပွားရေးဆိုင်ရာအခွင့်အလမ်းအချို့ဆုံးရှုံးနိုင်တယ်ဆိုတာကိုလည်း နိုင်ငံအချို့က တွက်ဆထားပြီး ဖြစ်တယ်လို့ ကြားသိရပါတယ်။

`အထူးသဖြင့် မြန်မာတက်လာရင် ဒေသတွင်းက နိုင်ငံအချို့ ဝင်ငွေထိခိုက်နိုင်သလို ရင်းနှီးမြုပ်နှံမှုတွေ ခွဲဝေပေးရမှာ စိုးရိမ်နေကြတာလဲ ဖြစ်လာနိုင်ပါတယ် `လို့ နိုင်ငံတကာအမြင်ရှိနေတဲ့ အင်ဂျင်နီယာတစ်ဦးက သုံးသပ်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ သီလ၀ါစီမံကိန်းတွေကလည်း မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်တဲ့အပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံလိုသူတွေ အတွက်လည်း မျက်စိကျစရာအနေအထားတစ်ခုဖြစ်လာခဲ့တဲ့အတွက် မလိုလားသူတွေလည်း ရှိလာခဲ့တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ကြားခဲ့ရပါတယ်။

လက်ရှိ အခြေအနေမှာတော့ မြန်မာနိုင်ငံမှာ ဆီးဂိမ်းကျင်းပဖို့အတွက် လပိုင်းအလိုမှာ ခုလို အကြမ်းဖက်လုပ်ငန်းများဖြစ်ကြတဲ့ ဗုံးခွဲတဲ့ ဖြစ်ရပ်တွေနဲ့ မြန်မာပြည်မှာ လုံခြုံရေးအားနည်းတယ် လို့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ကိစ္စမျိုးတွေကို ပြုလုပ်လာကြတာလည်း တွေ့ရပါတယ်။

အာစီယံဥက္ကဋ္ဌအနေနဲ့ တာဝန်ယူမှာကို မနှစ်မြို့ခြင်း၊ ဆီးဂိမ်းကျင်းပမှာကို မလိုလားခြင်း၊ မြန်မာနိုင်ငံတွင်း နိုင်ငံတကာရင်းနှီးမြှုပ်များ ၀င်ရောက်လာမှာကို မလိုလားခြင်းတွေနဲ့ အဖျက်လုပ်ငန်းအကြမ်းဖက် လုပ်ငန်းတွေ ဘယ်လို ဆက်စပ်နေသလဲ၊ ဒါ့အပြင် ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အကြမ်းဖက်ခြင်းလား ဆိုတာလည်း စဉ်းစားစရာပါ။

မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့ မြန်မာပြည် အေးချမ်းသာယာတာကိုပဲ လိုလားပါတယ်။ တိုင်းပြည်စီးပွားရေး ကောင်းမွန်ဖို့နဲ့ စီးပွားရေး တိုးတက်မြင့်မားဖို့၊ နိုင်ငံတော် ငြိမ်းချမ်းသာယာဖို့ကိုပဲ လိုလားတဲ့အတွက် ခုလို အကြမ်းဖက်လုပ်ရပ်တွေကိုလည်း ပြစ်တင်ရှုံ့ချမိပါတယ်။

နိုင်ငံသားတိုင်းက နိုင်ငံတော်ကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ နိုင်ငံတော်ကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ သူတွေကိုလည်း ဘုံရန်သူအဖြစ်သာမြင်သင့်ပါတယ်။ အကြမ်းဖက်လုပ်ငန်းတွေနဲ့ အစိုးရသိက္ခာကျအောင် အစိုးရကို ထိခိုက်အောင် လုပ်ဆောင်နေခြင်းအားဖြင့် တစ်မျိုးသားလုံး ထိခိုက်နေတယ်ဆိုတာကိုလည်း နားလည်ကြစေချင်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ အစိုးရကို ကြိုက်ခြင်း မကြိုက်ခြင်းထက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတည်တန့်ခိုင်မြဲရေးကို အလေးထားသင့်သလို၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ဦးတည်သင့်ပါတယ်။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)

Wednesday, October 9, 2013

ကမ္ဘာမီးလောင် သားကောင်ချနင်းတော့မှာလား


ယခုအခါ ဒေါ်စုကြည်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် (ဒါမှမဟုတ်) အသစ်ပြန်ရေးဆွဲရန် အတွက် ပြည်သူလူထုထံသို့ချပြ၍ ပြည်သူ့ဆန္ဒကောက်ခံသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ လက်ရှိဖွဲ့စည်းပုံ အရဆိုလျှင် ဒေါ်စုကြည်အနေဖြင့် သမ္မတဖြစ်နိုင်ဖို့ အလွန်အလှမ်းဝေးလျက် ရှိပေသည်။ ၂၀၁၅ ရောက်ဖို့ကလည်း နီးလာနေ၍ ပုဒ်မ ၅၉ ပြင်ဆင်ရေးကလည်း ယခုအချိန်အထိ ဘာမှန်းမသိ ဖြစ်နေပါသည်။ ဒေါ်စုကြည်အနေဖြင့် ပူပန်သောကရောက်နေမည်ဟု ထင်မိပါသည်။ ကျွန်တော်သည် နိုင်ငံရေးတော့ မကျွမ်းကျင်ပါ။ လူ့သဘောသဘာဝ ကိုတော့ အမြဲတမ်းအလေးထားတတ်ပါသည်။

လူသည် များသောအားဖြင့် ကိုယ့်အတ္တကိုသာ ကိုးကွယ်ကြပါသည်။ လောကရှိ သာမန်ပုထုစဉ် လူသား အားလုံးသည် ကိုယ့်ကိုယ်ကိုအချစ်ဆုံးသာ ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးကို ချစ်ပါသည်ဟု ပြောဆိုနေသမျှ လိမ်လည်နေသည်ဟု ယူဆပါသည်။ ယနေ့ မြန်မာနိုင်ငံရေးလောကရှိ ၀န်ကြီး၊ ၀န်လေးများ၊ နိုင်ငံရေးပါတီ အသီးသီးက ခေါင်းဆောင်များအနေဖြင့် မည်မျှပင် အာပေါင်အာရင်းသန်သန်ဖြင့် တိုင်းပြည်အကျိုးအတွက် အနစ်နာ ခံ၍လုပ်ဆောင်ပြောဆိုနေကြသည်ကို မကြားချင်အဆုံး၊ မမြင်ချင်အဆုံး တွေ့မြင် ကြားသိနေရပါသည်။ ဒေါ်စုကြည် ဆိုသည်မှာလည်း သာမန်ပုထုစဉ်တစ်ဦးသာ ဖြစ်သည့်အတွက် ၎င်း၏ ကိုယ်ပိုင်အတ္တကိုသာ အချစ်ဆုံးဖြစ်ပါ လိမ့်မည်။ 


တိုင်းပြည်ကို ပိုချစ်သည်ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ အပြော သက်သက်သာ ဖြစ်ပါလိမ့်မည်။ ဘာကြောင့်လဲဆိုရလျှင် ဗုဒ္ဓဘာသာ မိခင်တိုင်းသည် ကိုယ့်သားသမီးတိုင်းကို ကိုယ်ကိုယ်တိုင်ပြီးလျင် အချစ်ဆုံး ပင်ဖြစ်သည်။ သို့သော် ဒေါ်စုကြည်အနေဖြင့် ၎င်း၏ သားသမီးများကို တိုင်းတစ်ပါးမှာထားပြီး ကိုယ်ကိုယ်တိုင်ကျ မြန်မာနိုင်ငံထဲမှာ လာရောက်နေထိုင်ကာ သမ္မတဖြစ်ရေး လုပ်ဆောင်နေပုံကို ကြည့်ချင်းအားဖြင့် ကိုယ့်အတ္တကို ရှေ့တန်းတင်လွန်းရာကျသော သိသာထင်ရှားသည့် အချက်တစ်ချက်ဖြစ်ပါတယ်။ ဒေါ်စုကြည်အနေဖြင့် မိမိ သမ္မတ ဖြစ်ချင်ကြောင်း နှုတ်က ဖွင့်ဟ ပြောဆိုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ရိုးသားမှုရှိသည်ဟု ကောက်ချက်ချနိုင်သလို သမ္မတဖြစ်ချင်သည့်ဆန္ဒကို အသိနှင့် ထိန်းချုပ်နိုင်စွမ်းမရှိလောက်အောင် ဖြစ်ချင်လွန်းအားကြီးသည်ဟုလည်း ယူဆရပါသည်။ ဖြစ်ချင်စိတ်သည် အဆုံးစွန်အထိ ရှိနေသည်ကို တွေ့ရပါသည်။ 


ဒေါ်စုကြည်အနေဖြင့် မျိုးရိုးသမိုင်းကြောင်း ကောင်းသည့်အပြင် ပညာအရည်အချင်းနှင့်လည်း ပြည့်စုံနေ ပါလျက် သမ္မတမဖြစ်ခဲ့သော် နိုင်ငံရေးသမားတို့၏ ပရိယာယ်မာယာအတိုင်း ပြည်သူလူထုနှင့် ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းကို ဖန်တီးမည်ဖြစ်ပါသည်။ ထိုသို့ဖန်တီးရန်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရန်(သို့မဟုတ်)အသစ်ရေးဆွဲရန် အတွက် ပြည်သူ့ဆန္ဒကောက်ခံ၍ ဆောင်ရွက်နေခြင်းသည် ထိပ်တိုက်တွေ့ဆုံရန်လမ်းကြောင်းအစပျိုးနေသည်ဟု ယူဆပါသည်။ ကျွန်တော်တို့လူထုမှာလည်း ဒေါ်စုကြည်ဆိုတာနှင့်နောက်ကပါပြီးသားဖြစ်နေပါသည်။ 


ယခုကာလ တွင် ပုဒ်မ ၅၉ ပြင်ဖို့အတွက် ပြည်ပအား ပြည်တွင်းအား ပေါင်းစပ်၍ အစိုးရအား ဖိအားပေးလုပ်ဆောင်လျက် ရှိသည်ကို သိသာစေသည့်အချက်မှာ စင်္ကာပူခရီးစဉ်တွင်ပြောခဲ့သောစကားများနှင့် ပြန်ရောက်စဉ် ပြောဆိုသော စကားများ ဆက်စပ်ကြည့်က သိမြင်နိုင်ပါသည်။ သမ္မတမဖြစ်ခဲ့သော် အစိုးရနှင့်ပြည်သူ ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းကို ဒေါ်စုကြည်အနေဖြင့် လုပ်ဆောင်မည်ဖြစ်ပါသည်။ ဒါကြောင့် ကမ္ဘာမီးလောင် သားကောင်ချနင်း တော့မှာလား ဟု အမေစုအား မေးမြန်းချင်မိပါတော့သည်။

Tuesday, October 8, 2013

အခြေခံဥပဒေနှင့် ဒို့ တာဝန်အရေး(၃)ပါး


ဦးသိန်းစိန်ဦးဆောင်သော အရပ်သားအစိုးရသစ် တက်လာခဲ့သည်မှာ ယခုဆိုလျှင် သက်တမ်း အားဖြင့် တ၀က်ရှိပြီဟု ဆိုနိုင်ပြီဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်ကူးပြောင်းလာ သည့်သမ္မတကြီးဦးသိန်စိန်ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် မြစ်ဆုံကိစ္စအပါအ၀င်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၊ လူမျိုးရေးပဋိပခများအပါအ၀င် အဖျက်အမှောင့်များ စွာကြုံတွေ့ခဲ့ရသော် လည်းစေ့စပ် ညှိနှိုင်းမှု များဖြင့် အဖြေရှာ၍ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ လွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့ ဟန်ချက်ညီ စွာဖြင့် လျှောက်လမ်းနေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။

မြန်မာ နိုင်ငံသည် ပြောင်းလဲမှု လမ်းကြောင်းသစ် ပေါ်သို့ တက်လှမ်းခဲ့ပြီ ဖြစ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်းရောက်ရာနေရာတွင်တခမ်းတနားဖြင့်ကြိုဆိုနေကြသည်ကိုလည်းတွေ့မြင်နေရပြီဖြစ်သည်။

အသွင်ကူးပြောင်းစ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ပဋိပခများမှာ နောက်ကွယ်မှကြိုးကိုင်မှုများ ရှိနေသည်ဟု အစိုးရအဖွဲ့ဝင်လူကြီးများနှင့် နိုင်ငံရေးလေ့လာသူအချို့မှ ထုတ်ဖော်ပြောကြားခဲ့ရ သည်အထိတစ်ခုပြီး တစ်ခုဆက်တိုက် ဖြစ်ပေါ်ခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ယခုတစ်ဖန်လူပြိန်းကြိုက်နိုင်ငံရေးလှုပ်ရှားမှုများအသွင်ဖြင့်ခေတ်စားလာနေသည့်ကိစ္စတစ်ရပ်မှာအခြေခံဥပဒေ အသစ်ပြန် လည်ရေးဆွဲရေးပင်ဖြစ်သည်။

နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှုဖြင့် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတို့ လက်တွဲညီညီဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးပုံဖော်နေသည့် ကာလတွင် ယခုကဲ့သို့ နောက်ကြောင်းပြန်လှည့်သွားစေ မည့်၊ နောက်ကြောင်းပြန်ရောက်သွားစေမည့် ကိစ္စမျိုးအား ထုတ်ဖော်ပြောဆိုလာခြင်းမှာ အသွင်ကူးပြောင်း စ နိုင်ငံတစ်နိုင်ငံအတွက် အန္တရာယ်ကြီးမားပြီး၊ အလွန်တရာမှ စိတ်ပျက်ဖွယ်ကောင်းလှကြောင်း နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် နိုင်ငံတကာမှ လေ့လာသူများက ဝေဖန်ထောက်ပြခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်သည်။

အခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲမည်ဟု ပြောနေကြသောကိစ္စသည် တစ်နည်းအားဖြင့် ယခုအစိုးရ သစ်တက်လာပြီသည့်နောက်ပိုင်းမည်သည့်နိုင်ငံရေး ပါတီနှင့်မှ မပတ်သက်ဘဲ လွတ်လွတ် လပ်လပ်ကိုယ့်မူနှင့်ကိုယ်နေနေခဲ့သည့် တပ်မတော်အား ထိပ်ပုတ်၊ခေါင်းပုတ်ဖြင့် ရန်စလာခြင်း ဟုသတ်မှတ်နိုင်ပေ သည်

တပ်မတော်ကတော့ ဒို့တာဝန်အရေးသုံးပါးနဲ့ အခြေခံဥပဒေကို ထိခိုက်အောင်ပြုလုပ်မည့် မည်သည့်ကိစ္စ၊ မည်သူ့ကိုမဆို လက်ခံမည်မဟုတ်သည့် ၄င်းတို့၏ရပ်တည်ချက်အား အတိအလင်းပင်ပြောကြားထား ပြီးဖြစ်သည်။

ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာတဲ့ ဘောင်အထိ အတိုက်အခံဘက်က တောင်းခဲ့ရင်၊ ဒါမှမဟုတ် အခြေခံဥပဒေကို လုံးဝဖျက်သိမ်းပြီး အသစ်ရေးရမယ် ဆိုတာမျိုး တောင်းခဲ့ရင်တော့ တပ်မတော်က လက်ပိုက်ကြည့်နေတော့မည်မဟုတ်ပေ။

တစ်ဖက်သားထံမှ အပြောင်းအလဲကို လိုချင်လျှင် ပြောင်းလဲလိုသော သဘောထား အပေါ် အသိအမှတ်ပြု၍ ၎င်းတို့ ကိုယ်တိုင်လည်း ပြောင်းလဲပေးရန် လိုအပ်မည် ဖြစ်သည်။ ယခုထိုကဲ့သို့ပြောင်း လဲပြီလား စဉ်းစားသုံးသပ်ရန်လိုလာပြီဖြစ်သည်။

သမ္မတကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ မည်သည့်အဖွဲ့နှင့်မဆို ငြိမ်းချမ်းစွာ လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဖိတ်ခေါ် လက်ကမ်းထားခဲ့သော်လည်း KIA အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အချို့၏ တုံ့ပြန်မှုများက ၄င်းတို့၏ သဘောထားကိုထင်ဟပ်နေစေသည်။ အချို့က သမ္မတကြီး ကမ်းပေးသော လက်ကို ရှောင်လွှဲ လိုသည်။ အချို့က ကမ်းလက်ကို ဆွဲယူလိုသည်။ အကြောင်းပြချက် မှာလည်း အမျိုးမျိုး ဖြစ်နေသည်။

ယနေ့ ကျွန်တော်တို့နိုင်ငံ လက်ရှိသွားနေသော လမ်းကြောင်းမှာ စစ်ဘက်-အရပ်ဘက် ယုံကြည်မှု တည်ဆောက်ရေး၊ တစ်နည်းအားဖြင့် အမျိုးသား ရင်ကြားစေ့ရေး လမ်းကြောင်းဖြစ်ပြီး အဓိကဦးဆောင်တဲ့ အင်အားစုက တပ်မတော် ဖြစ်နေသေးတာကိုတော့ မျက်ကွယ်ပြုထား၍ ရမည်မဟုတ်ပေ။ အဲဒီအင်အားစုက နားလည် သဘောပေါက်လာအောင် လုံလောက်တဲ့ အချိန်နဲ့ လက်တွေ့ ဖြတ်သန်းမှု တစ်စုံတစ်ရာ မလုပ်ရသေးခင်မှာ သူတို့ ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို ဘေးချိတ်လိုက်ပြီး အသစ်ပြန်လည် ရေးကြစို့လို့ပြောရင် ရန်စကား ပြောသလို ဖြစ်နေလို့ အနည်းနဲ့အများ ဆိုသလို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ပဲ ပြောလိုက်ပါရစေ။

Thura Naing

Monday, October 7, 2013

"၀" ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရေးကို သဘောတူသော်လည်း တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရန် ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြောကြား


"၀" ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရေးကို သဘောတူသော်လည်း အစိုးရက ပြုလုပ်ရန် ရှိနေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရန် ချက်ချင်းဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း "၀" သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က အောက်တိုဘာ ၆ ရက်တွင် Weekly Eleven ဂျာနယ်သို့ ပြောကြားသည်။

အောက်တိုဘာ ၄ ရက်က အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် "၀" သွေးစည်းညီညွတ်ရေး ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးရှောက်မီလျံတို့ UWSP ဌာနချုပ် ပန်ဆမ်းမြို့၌ တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရက ပြုလုပ်ရန် ရှိနေသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးပွဲကို တရားဝင် ဖိတ်ကြားသည် ဆိုပါက တက်ရောက်မည် ဖြစ်သော်လည်း ပါဝင်လက်မှတ် ရေးထိုးရေးမှာ ကျန်ရှိသော တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးပါဝင်ပြီး စာချုပ်တွင် ပါဝင်မည့် အချက်များအပေါ် အစိုးရဘက်က ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားရေး အပေါ်တွင်သာ မူတည်ကြောင်း ဦးအောင်မြင့်က ပြောကြားသည်။

"ကျွန်တော်တို့ အကြံပြုလိုက်တာက ကြိုတင်ပြီး ပြင်ဆင်ဖို့ လိုတယ်ပေါ့။ အချက်အလက်တွေရော အားလုံးပြီးအောင် လို့ပေါ့ဗျာ။ အဖွဲ့အစည်းအားလုံး။ ကျွန်တော်တို့ အဖွဲ့အစည်းက ဒီလိုပဲလေ။ အခု ဆွေးနွေးမယ်ဆိုရင် ဦးသိန်းဇော်ကနေပြီး ဒီဆွေးနွေးပွဲကို တရားဝင် ဖိတ်တယ်။ ကျွန်တော်တို့ကလည်း တရားဝင် ဖြေကြားပါတယ်။ တရားဝင် ဖိတ်လို့ရှိရင် ကျွန်တော်တို့လည်း ပါဝင်တက်ရောက်မယ်။ ဒါပေမဲ့ ပါဝင်တက်ရောက်မယ့် အချိန်မှာ အခုထက်ထိတော့ ဒီဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးမလဲ။ ဒီအချက်အလက်တွေ ပေါ်မှာ ဘယ်လို အချက်အလက်တွေ အခြေပြုပြီး လက်မှတ်ရေးထိုးမလဲ ဆိုတာ ကျွန်တော်တို့ မသိတဲ့အတွက်၊ ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ပဲလည်း ဘယ်သူတစ်ယောက်ကနေပြီးတော့ သူ့ဆန္ဒနဲ့ လက်မှတ်ရေးထိုး မရတဲ့အတွက်၊ အကယ်၍ ဟိုအချိန်မှ ဆွေးနွေးပွဲ လုပ်မယ်။ ဟိုအချိန်မှ ချပြမယ်။ ဟိုအချိန်မှ တန်းပြီးလက်မှတ် ထိုးရမယ်ဆိုရင် ကျွန်တော်တို့က အများသဘောနဲ့ ဆွေးနွေးပြီးမှ၊ ဗဟိုကော်မတီက ဆွေးနွေးပြီးတော့မှ၊ သဘောတူညီချက်ရမှ လက်မှတ်ထိုးနိုင်မယ့်အတွက် တန်းပြီးတော့ ဆွေးနွေးပွဲမှာ ထိုးနိုင်ချင်မှ ထိုးနိုင်မယ်ဆိုပြီး ဒီသဘော ဆွေးနွေးထားပါတယ်" ဟု ဦးအောင်မြင့်က ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ အကြံပြုချက်က ဒီကိစ္စကို ဖြေရှင်းနိုင်အောင်အတွက် ကျွန်တော်တို့ အဖွဲ့အစည်းတင် မကဘူး။ တခြားငြိမ်းချမ်းရေး အဖွဲ့အားလုံး ကြိုတင်ပြီးတော့ အရင်ညှိနှိုင်း ဆောင်ရွက်ပြီးတော့ လုပ်တာက ပိုသင့်တော်မယ်။ ကျွန်တော်တို့ အချက်အလက်တွေ အားလုံးကြည့်ပြီးပြီ။ ဗဟိုမှာ အားလုံးဆွေးနွေးပြီးပြီ။ သဘောတူတယ်ဆိုရင် ဒါကတော့ ပြဿနာ မရှိတော့ဘူးပေါ့" ဟု ဦးအောင်မြင့်က ဆိုသည်။

ထို့အပြင် အစိုးရဘက်က ကမ်းလှမ်းထားသည့် ၂၀၁၄ ခုနှစ် နိုင်ငံလုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးတွင် "၀" ဒေသ ပါဝင်နိုင်ရေးအတွက် ဆွေးနွေးမှုတွင် သန်းခေါင်စာရင်း ကောက်ယူရေးကို "၀" သွေးစည်းညီညွတ်ရေး ပါတီက သဘောတူခဲ့ကြောင်း သိရသည်။

"ပြည်လုံးကျွတ် လာမယ့်နှစ်မှာ သန်းခေါင်စာရင်းကောက်ဖို့ ရှိတယ်။ ဒါကတော့ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လိုအပ်တဲ့ အချက်အလက်တွေပဲလေ။ ကျွန်တော်တို့ သဘောပေါက်ပါတယ်။ နားလည်ပါတယ်။ ကျွန်တော်တို့ "၀" ဒေသမှာ "၀" တိုင်းရင်းသားတွေ ဆိုရင်ပေါ့ဗျာ။ သန်းခေါင်စာရင်း ကောက်တာမျိုးက တစ်ခါမှ မရှိဘူးဗျ။ နောက်ပြီး မြန်မာပြည် တိုင်းရင်းသားပါဆိုပြီး ကျွန်တော်တို့က ခံယူထားတယ်။ ဒါပေမဲ့ တောင်ပေါ်ဒေသ ဖြစ်နေတဲ့အတွက် နယ်စွန်နယ်ဖျားမှာ ဖြစ်နေတဲ့အတွက် ဟိုးရှေးခေတ်က အစိုးရကလည်း ဒီကိစ္စကို သိပ်ပြီးတော့ အလေးမထားတဲ့ အတွက်ပေါ့ဗျာ။ တိုင်းရင်းသားတွေမှာ မှတ်ပုံတင် မရှိကြဘူး။ မှတ်ပုံတင် မရှိကြတော့ တစ်ဖက်နိုင်ငံ သွားဖို့ဆိုရင်လည်း မှတ်ပုံတင် မရှိဘူး။ ပြည်မကို ဆင်းဖို့ကျတော့လည်း မှတ်ပုံတင် မရှိတော့ သွားလို့မရဘူး ဖြစ်နေတယ်။ ဒီလို အခြေအနေက ဒေသဖွံ့ဖြိုးရေး အတွက်ရော၊ ပြည်သူလူထု ကူးလူးဆက်ဆံမှုအတွက်ရော တော်တော်လေး ခက်တဲ့ကိစ္စ ဖြစ်နေတယ်။ အဲဒါကြောင့် လာမယ့်နှစ်မှာ သန်းခေါင်စာရင်း ကောက်ဖို့ ဒါကတော့ နိုင်ငံတစ်ခုလုံးရဲ့ အကျိုးစီးပွားကို ကြည့်ပြီးတော့ ကျွန်တော်တို့ကလည်း ထောက်ခံပါတယ်" ဟု ဦးအောင်မြင့်က ဆိုသည်။

ထိုသို့ ကောက်ယူရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ဘာသာစကား အခက်အခဲများ ရှိခြင်းကြောင့် "၀" ဒေသမှ ၀န်ထမ်းများက သန်းခေါင်စာရင်း ကောက်ယူမှု အဆင့်များကို သင်ယူပြီး လုပ်ဆောင်မည်ဟု သိရသည်။

"၀" ဒေသတွင် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးကို စီမံကိန်းချပြီး ပြုလုပ်နေရာ လက်ရှိအချိန်တွင် ဘိန်းအစားထိုး သီးနှံအဖြစ် ရော်ဘာစိုက်ပျိုးခြင်းကို လုပ်ဆောင်ခဲ့ရာ ရော်ဘာဧက နှစ်သိန်းကျော် ရှိနေပြီဖြစ်ကြောင်းနှင့် အဆိုပါ ရော်ဘာစိုက်ခင်းများအတွက် အလုပ်သမား လိုအပ်ချက် နှစ်သိန်းကျော် ရှိနေကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ အလုပ်သမား လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အခြားပြည်နယ်များမှ အလုပ်သမားများ "၀" ဒေသတွင် လာရောက်အလုပ် လုပ်ကိုင်ခွင့်ပြုရန် အစိုးရဘက်က ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုဆွေးနွေးမှုကို "၀" သွေးစည်းညီညွတ်ရေး ပါတီက လက်ခံသော်လည်း အစိုးရဘက်က စေလွှတ်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ ကုမ္ပဏီများ၏ စီစဉ်မှုဖြင့် ခေါ်ယူခြင်းကိုသာ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၄ ရက် တစ်ရက်တည်းတွင်သာ "၀" သွေးစည်းညီညွတ်ရေး ပါတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၅ ရက်တွင် မိုင်းလားအဖွဲ့နှင့် တွေ့ဆုံရန် ပန်ဆန်းမြို့မှ ထွက်ခွာသွားကြောင်း ဦးအောင်မြင့်၏ ပြောကြားချက်အရ သိရသည်။

- Eleven

Monday, September 30, 2013

တပ်မတော်၏ အပြည့်အ၀ထောက်ခံမှု မရလျှင် ပြောင်းလဲမှု နှေးကွေးသွားနိုင်သည်



မိမိတို့နိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် ဆိုးသည့်ဘက်မှာပဲဖြစ်ပါစေ၊ ကောင်းသည့်ဘက်မှာပဲဖြစ်ပါစေ တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါခဲ့သည်သာဖြစ်သည်။ ဒါကိုတော့ မည်သူမျှမငြင်းနိုင်ပါ။


တစ်ခါတစ်ရံ တပ်မတော်၏ အခန်းကဏ္ဍကို ဆိုးသည့်ဘက်မှ ရှုမြင်မည်ဆိုပါက တပ်မတော်၏ ရပ်တည်ချက်သည် အငြင်းပွားစရာများ ရှိနေမည်ဖြစ်ပြီး ကောင်းသည့် ဘက်မှရှုမြင်လျှင်လည်း တပ်မတော်အပေါ် ရှုမြင်သုံးသပ်မှုများမှာေ၀၀ါးနေမည်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါခဲ့ပြီး အနာဂတ်နိုင်ငံရေးတွင်လည်း အချိန်ကာလ အတိုင်းအတာတစ်ခုအထိ အရေးပါနေဦးမည်မှာလည်းသေချာနေသည်။

တချို့ကမူ မြန်မာ့နိုင်ငံရေးတွင် တပ်မတော် မပါဝင်ရေး၊ တပ်မတော်နှင့် နိုင်ငံရေး မရောထွေးစေရေးကို စင်ပေါ်တင်ပြီး ဆွေးနွေးကြသည်။ သည်အတွေးအခေါ်မှာ သီအိုရီအားဖြင့် မှန်ကန်သော်ငြား လက်တွေ့အခြေအနေနှင့်မူ သဟဇာတ မဖြစ်သည့်၊ လက်ရှိ မြန်မာ့နိုင်ငံရေးနှင့် ကင်းလွတ်သည့်အယူအဆ ဖြစ်နေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဤကဲ့သို့သော အတွေးသည် မြန်မာ့နိုင်ငံရေး မိုးကောင်းကင်ကို ပိုပြီး ရှုပ်ထွေးမဲမှောင်စေသည့်နည်းဖြစ်သည်ဟုပင် ဆိုနိုင်ပါသည်။ 

လက်ရှိ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်အား လုံးဝဖယ်ထားရေး စဉ်းစားပုံစဉ်းစား
နည်းသည် ပြဿနာများအား ရှင်းလင်းပစ်ရာ မရောက်သည့်အပြင် မတည်မငြိမ်ဖြစ်မှုများကို ဖိတ်ခေါ်လိုက်သလိုပင်ဖြစ်စေနိုင်သည်ကို ရှင်းလင်းစွာ လက်ခံရပေမည်။ လက်ရှိအချိန်မှာ မိမိတို့သည် မဟာဗျူဟာမြောက် အတွေးနှင့် နည်းဗျူဟာလုပ်ငန်းစဉ်များကို ရှင်းလင်းစွာ သိမြင်ကိုင်တွယ်တတ်ဖို့ လိုအပ်သည်။ 

မိမိတို့သည် အနာဂတ်မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို ယခင်သမိုင်းတွင်ခဲ့ပြီးသည့် သမိုင်းခြေရာများအပေါ်တွင်သာ လုံးဝအခြေစိုက် စဉ်းစားခြင်းသည် သေနင်္ဂဗျူဟာအရပင်လျှင် မှားယွင်းသည်။ မိမိတို့ စဉ်းစားရမည့်အချက်မှာ လက်ရှိတပ်မတော်၏ အခန်းကဏ္ဍ၊ လက်ရှိတပ်မတော်၏ ရပ်တည်ချက်၊ လက်ရှိတပ်မတော်၏ အလင်းအမှောင်များကို ခွဲခြမ်းစိတ်ဖြာရပေမည်။ ပစ္စုပ္ပန်သည် အတိတ်ထက် ပို၍ အရေးပါပြီး လက်တွေ့လည်းကျသည်ဟု မြင်သည်။ ထို့ကြောင့် မိမိတို့သည် တပ်မတော်အပေါ် ရှုမြင် သုံးသပ်မှုအသစ်ဖြင့်သာ မလွဲမသွေ ချဉ်းကပ်ကြရမည်သာ ဖြစ်သည်။ တပ်မတော်သည် ပြည်သူတို့ဘက်သို့ လုံးဝခြေစုံရပ်နိုင်စွမ်း ရှိစေရေး
ဆိုသည်မှာ မိမိတို့၏ တပ်မတော်အပေါ်ထားရှိသော အတွေးအခေါ်အယူအဆ ရှုထောင့်ကို အောင်မြင်အောင်ပြောင်းနိုင် မပြောင်းနိုင်အပေါ်တွင်မူတည်သည်။ 

ယခုအခါ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လုံးဝအသစ်တစ်ဖန် ပြန်လည်ရေးဆွဲရေး အယူအဆသည် လက်ရှိအခြေအနေ၌ မဖြစ်နိုင်ပါ။ ဖွဲ့စည်းပုံ ဥပဒေ ပြုပြင်ပြင်ဆင်ရေးသည်သာ လက်တွေ့လည်းကျပြီး အောင်မြင်ရန်လည်း ရှိသည့်အမြင် ဖြစ်ပါသည်။ မိမိတို့အမြင်၌ တပ်မတော်သည် ဖွဲ့စည်းပုံ လုံးဝ အသစ်ပြန်ဆွဲရေးကိုထောက်ခံလိမ့်မည်လည်းမဟုတ်ပါ။ ထို့ကြောင့် မိမိတို့သည် တပ်မတော်အနေနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် ပူးပေါင်း ပါဝင်ထောက်ခံလာစေရေးကိုသာ ဆောင်ရွက်သင့်သည်ဟု မြင်သည်။ 

ထို့ကြောင့် မိမိတို့နိုင်ငံ လတ်တလော ရင်ဆိုင်နေရသော နိုင်ငံရေးစိန်ခေါ်မှု၊ နိုင်ငံရေး ကြိုးတန်းကို လွတ်အောင် ခုန်ကျော်နိုင်ဖို့ဆိုသည်မှာ တပ်မတော်က ပါဝင်သင့်ပါဝင်ထိုက်သည့် ပါဝင်နိုင်သည့် အခြေအနေများကို ဖန်တီးနိုင်မှသာ ထို နိုင်ငံရေးစိန်ခေါ်မှု ကြိုးတန်းကို လွတ်အောင် ခုန်နိုင်ကြမည် ဖြစ်သည်။ သို့မဟုတ်ပါက မိမိတို့နိုင်ငံ၏နိုင်ငံရေး ဖြစ်စဉ်သည် ပိုမိုနှေးကွေး၊ ပိုမိုမည်းမှောင် သွားနိုင်စရာအကြောင်းရှိပါသည်။ မိမိတို့၏ ဒီမိုကရေစီပန်းတိုင်ရောက်ဖို့ဆိုသည်မှာလည်း ယခုထက်ပိုမို အချိန်ယူရမည့်ကိန်းသို့ ဆိုက်နိုင်သည်ဟုလည်း ယူဆရပါသည်။

- Mizzima

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့


တနင်္သာရီမြစ် ရေလွှမ်းမိုးမှုကို တွေ့ရစဉ်

တနင်္သာရီတွင် မြစ်ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် ယခုနှစ်တွင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စုအတွင်းရှိ ချောင်းလမုရွာမှာလည်း ရေလွှမ်းမိုး ခံခဲ့ရကြောင်း သိရသည်။ ယခုတစ်ကြိမ် တနင်္သာရီမြစ် ရေကြီးမှုတွင် ချောင်းဖျားရေများ သာမက ချောင်းနှစ်ပြန်မှ ရေများလည်း တနင်္သာရီ ချောင်းငယ်အတွင်း စီးဝင်ခဲ့ပြီး မိုးရွာသွန်းမှု များသောကြောင့် မောတောင်ဘက်မှ တောင်ကျရေများလည်း စီးဆင်းလာခဲ့ကြောင်း သိရသည်။
င၀န်ချောင်း ရေလျှံမှုကြောင့် ချောင်းလမု ကျေးရွာတွင် ထူးထူးခြားခြား ရေလွှမ်းမှု ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"ချောင်းလမုမှာ ရေကြီးလို့ အိမ်တွေပြိုခဲ့တယ်လို့ သိရတယ်။ ဖြစ်တာက ၂၈ ရက်မှာ ဖြစ်တယ်။ ညတွင်းချင်းပဲ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတွေ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်တယ်။ ဒီနေ့ မနက်ပိုင်းမှာ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အဖွဲ့ တနင်္သာရီမြို့နယ်ကို ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လာရောက်လုပ်ဆောင် ပေးနေတယ်။ အခုထိတော့ ဒဏ်ရာရသူ မရှိဘူး" ဟု ကယ်ဆယ်ရေးလုပ်ငန်း သွားရောက်လုပ်ဆောင်ပေးနေသည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် နေအိမ်များအပြင် လယ်မြေများလည်း ရေနစ်မြုပ်ခံခဲ့ရပြီး နစ်မြုပ်လယ်ဧကမှာ ၁၅၀၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

"ရေကြီးတာကြောင့် တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာတွေက လယ်ဧက ၁၅၃၉ ဧက နစ်မြုပ်ခဲ့ရပါတယ်။ အဲဒီအထဲက တစ်ဝက်လောက်ကတော့ ပျက်စီးသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းထားပါတယ်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေအပြင် ပျက်စီးသွားတဲ့ လယ်တွေအတွက် တစ်ဧက မျိုးစပါး နှစ်တင်းစီ ပေးပါတယ်။ ချောင်းလမု ရွာမှာတော့ ရေဘေးသင့်တဲ့ အိမ်ခြေ ၂၂၀ လောက်မှာ ၉၆ လုံးက နစ်မြုပ်သွားပါတယ်။ ရေပြန်ကျတဲ့အခါ တိုင်တွေ၊ အမိုးတွေ၊ ထရံတွေ ကွာကျသွားပြီး အိမ် ၃၉ လုံးက ပြိုကျသွားတာပါ" ဟု တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။

တနင်္သာရီမြစ် ရေလွှမ်းမှု ခံခဲ့ရသော တနင်္သာရီမြို့နှင့် ကျေးရွာများသို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများမှာ တနင်္သာရီ မြို့နယ်သို့ စက်တင်ဘာ ၂၉ ရက်တွင် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။



-  Eleven Media Group

Thursday, September 26, 2013

NLD ထက်သာတဲ့ ပါတီရှိသလား



NLD ထက်သာတဲ့ ပါတီရှိသလား
------------------------------
စဉ်းစားပေါ့ဗျာ.....

ဒေါ်စုက NLD ထက်သာတဲ့ ပါတီရှိရင် ထောက်ပြပါလို့ ပြောတယ်....... NLD ထက်လုပ်ပြနိုင်တဲ့ ပါတီဆိုရင်တော့ လက်ရှိ လုပ်နေတဲ့အလုပ်တွေနဲ့ပဲ ချိန်ထိုး စဉ်းစားရမယ်..... ဘာကြောင့်လည်း ဆိုတော့ ပါတီတစ်ခုရဲ့ အရည်အချင်းဟာ ပြည်သူလူထုအတွက် ဘယ်လောက် အလုပ်လုပ်သလဲ ဆိုတာပဲ.......... အဲ့ဒိတော့ လက်ရှိ လွှတ်တော်ထဲမှာ အောင်မြင်တာ မအောင်မြင်တာကို ဖယ်ထား ကြိုးစားနေတဲ့ လွှတ်တော်အမတ်တွေနဲ့ ချိန်ထိုးရလိမ့်မယ်.....

ဘာလို့လည်းဆိုတော့ ၂၀၁၅ အလွန် လွှတ်တော်ဟာ လက်ရှိ လွှတ်တော်ဥက္ကဌတွေ ဖြစ်ချင်မှ ဖြစ်တော့မယ်........ ပွင့်လင်းတဲ့ ရွေးကောက်ပွဲ၊ မဲမခိုးတဲ့ ရွေးကောက်ပွဲဆိုရင် မဲပေးနိုင်တဲ့ မျှခြေဟာ ပြန့်ကျသွားမှာပဲ...... တိုင်းရင်းသား ဒေသတွေမှာ သူတို့ ပါတီကို သူတို့ပေးကြမယ်...... ဒီလိုပဲ ကျန်တဲ့ မဲဆန္ဒနယ်တွေမှာ လူအများစု သူတို့ကြိုက်တဲ့ ပါတီကို မဲပေးကြမယ်........

လက်ရှိ လွှတ်တော်မှာ တင်သမျှအဆိုကို ထိုင်ကန့်ကွက်နေတဲ့ တပင်တိုင် မင်းသားတွေလည်း ပြောင်းသွားမှာ ဖြစ်သလို၊ အစိုးရ ဝန်ကြီးတွေလည်း ပြောင်းလဲသွားမှာပဲ...... အဲ့ဒိအခါကြရင် တကယ်အလုပ်လုပ်သူတွေရဲ့ အဆိုဟာ အခုလို ဖြစ်ချင်မှ ဖြစ်လာမယ်...... ဒီအတွက်ကြောင့် လက်ရှိ ဘယ်လောက် အလုပ်လုပ်နေသလဲနဲ့ တိုင်းတာရင်တော့ ဦးသိန်းညွန့်ရှိမယ်၊ တိုင်းရင်းသား လွှတ်တော်အမတ်တွေရှိမယ်...... ဒါမိုင်ကုန်ပဲ...... ကျန်တဲ့ NLD အမတ် အများစုကတော့ မျက်နှာကြည့်ပီး နေရတဲ့ဘဝနဲ့ ပြည်သူ့ဆန္ဒကို အနှောင့်အယှက်ဖြစ်စေတဲ့ လွှတ်တော်ရဲ့ ခြေထိုးတဲ့ မိုဘိုင်းဖုန်း အော်ပရေတာ ကိစ္စမှာပဲ ကန့်ကွက်မဲ မရှိတာကို ကြည့်ရင် NLD အမတ်တွေရဲ့ ရပ်တည်မှု ကို သိနိုင်တယ်......

အမှန်အတိုင်း ဝေဖန်ရရင် ဦးသိန်းညွန့်ဟာ ဒေါ်စုလောက် အရှိန်အဝါမရှိပေမယ့် ကြိုးစားနေတယ် ..... သူတင်တဲ့ အဆိုတွေ အကုန်မအောင်မြင်ပေမယ့် တစ်ချို့ဟာတွေ လွှတ်တော်မှာ မှတ်တမ်း တင်နိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်တယ်...... ဦးသိန်းညွန့်လို လူတွေ လွှတ်တော်မှာ ရှိခြင်းအားဖြင့် အိပ်ငိုက်နေတဲ့ လွှတ်တော်အမတ်တွေနေရာမှာ လွှတ်တော်အမတ်ဆိုတာ ဘယ်လိုလုပ်ရတယ်ကွ ဆိုတာကို ပြနေတဲ့ သင်္ကေတ တစ်ခုလို့ မြင်လာတယ်...... သူ့အဆိုတွေ မအောင်မြင်တာကတော့ နောက်ကွယ်က ထောက်ခံမယ့် လူတွေနဲ့ ဆိုင်မယ်.......

အဓိက အများစု မေးခွန်းထုတ်လာကြတာက ဦးသိန်းညွန့်လို သာမန်လူတောင် ဒီလိုလုပ်နေချိန်မှာ လွှတ်တော် အမတ် ၄၄ ယောက်တောင် လွှတ်တော်ထဲကို ဝင်သွားတဲ့ ပါတီကြီးကလူတွေ ဘာလို့ ငြိမ်နေလဲ ဆိုတာပဲဗျ..... 

ခက်တာက NLD က အမတ်တွေ လွှတ်တော်ထဲ ဝင်သွားပေမယ့် ပြောပလောက်အောင် ခိုင်မာတဲ့ အရွေ့တစ်ခု မဖန်တိးနိုင်ဘူး....... သာမာန် လွှတ်တော်အမတ်တွေမို့လို့ မဖန်တီးနိုင်ရင် နိုင်ငံတကာက သိတဲ့ အတိုက်အခံခေါင်းဆောင်ရဲ့ ဖန်တီးမှု အရွေ့ ဆိုရအောင်ကလည်း မယ်မယ်ရရ မရှိ..... အဲ့ဒါကို ထောက်ပြတိုင်းမှာ ဆက်ဆက်ခါ နာကြတယ်........

ဒီလူတွေရဲ့ လုပ်ဆောင်မှုတွေဟာ ခက်ခဲနေတဲ့အချိန်မှာ ရနိုင်သလောက် Space ကို ချဲ့ယူပြီး ကြိုးစားနေတဲ့လူတွေလို့ပဲ မြင်တယ်...... ကျန်တာ အကုန်ကောင်းလာမှ၊ ငါတို့တင်သမျှ အဆိုကို ထောက်ခံသူတွေ များလာမှ၊ အဆင်ပြေမှ အဆိုတင်မယ် လုပ်မယ်ဆိုတဲ့ လွှတ်တော် အမတ်တွေ ကိုတော့ အချောင်သမား စိတ်ဓါတ်နဲ့နေကြတဲ့ လွှတ်တော်အမတ်တွေလို့ပဲ ဆိုရမယ်...... လက်ရှိ အွန်လိုင်း လော်ဘီတွေအရလည်း အဲ့ဒိလို လွှတ်တော်အမတ်တွေဟာ ဘယ်ပါတီကလည်း ဆိုတာ အများဆုံး သိနိုင်တယ်..... ဝေးဝေးပြေးကြည့်ဖို့ မလိုဘူး NLD ပဲ.......

ဘာကြောင့် ဒါကို ထောက်ပြနေသလဲ မေးရင် လွှတ်တော်တစ်ရက် ကျင်းပတဲ့ ကုန်ကျစားရိတ်ဟာ သိန်း ၃၀ အထက်ရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားခဲ့ဘူးတယ်..... ဒီအတွက် လွှတ်တော် ကျင်းပတဲ့ ရက်တွေ အသက်ဝင်ဝင်နဲ့ ပြည်သူလူထုအတွက် အကျိုးရှိတာတွေ လုပ်စေဖို့ လွှတ်တော် အမတ်တွေကို တိုက်တွန်းရမှာပဲ...... နောက်မို့ဆိုရင် ဒီ ပိုက်ဆံ သိန်း ၃၀ ဟာ မြန်မာနိုင်ငံက မရှိဆင်းရဲ မပြည့်စုံတဲ့ ကျောင်းတွေကို ဖြည့်ဆည်းဆောက်ပေးနေရင်တောင် အခုလောက်ဆို တော်တော်လေးကို ခရီးရောက်နေပီ ဆိုတာပဲ...... ဒါကို ထောက်ပြသူ နည်းကြတယ် ဘာကြောင့် လည်း ဆိုတော့ ဒေါင်းမိခင်နဲ့ ဖွတ်ဖခင်တို့ ပြေလည်နေသလို၊ စာနယ်ဇင်း အများစုကလည်း ဖွတ်ဥက္ကဌကို လက်ရှောင်နေကြတယ်......

အခုလက်ရှိ ဒေါ်စုက NLD ထက်သာတဲ့ ပါတီရှိရင် ထောက်ပြပါလို့ ဆိုတယ်...... ဒါပေမယ့် NLD ပါတီရဲ့ အရည်အချင်း ဆိုတာနဲ့ တိုင်းတာရင်က လူကြိုက်များတာကို ဖယ်ထား၊ ဒေါ်စုရှိတာကို ဖယ်ထားရင် NLD ဆိုတာ ဘာဖြစ်မလဲ အထူးတလည်ကို ပြောစရာမရှိတာ...... အမြောက်တပ်သားတွေနဲ့ တကယ်လုပ်သူတွေနဲ့ တစ်ချိန်းချိန်း ရန်စောင်နေတဲ့ ပါတီရဲ့ ပကတိ ဖြစ်ရပ်မှန်ဟာ ဒီလှိုင်း သိန်း ၁၈၀၀ ကွာတာမှာ ထွက်လာတယ်...... ဒီတော့ ပွင့်ပွင့်လင်းလင်း ဆိုရရင် NLD ဆိုတာ ဒေါ်စုအရှိန်ကြောင့်ဆိုတာ ငြင်းမရဘူး..... ဒီအတွက် ပပဝတီကြောင့် ခုနှစ်ဆောင် တိုက်ခန်း မီးလင်းတာကို မီးလာနေလို့ မီးလင်းတယ် ထင်နေတဲ့နောက်တော့ ဘယ်တော့မှ အဖြေမှန်ရမှာ မဟုတ်ဘူး......

အခုလက်ရှိက အဲ့ဒါကို မြင်အောင် ထောက်ပြနေတာ...... NLD လောက်အရည်အချင်းရှိတဲ့ ပါတီ ဆိုရင် NLD ဘယ်လောက် အရည်အချင်းရှိလဲ မေးလိုက်တာနဲ့ မဖြေနိုင်ကြဘူး..... လူထုထောက်ခံတာကို အရည်အချင်းလို့ မြင်ကြရင် ဒေါ်စုမရှိတဲ့နောက် NLD ဆိုတာကိုပါေ မးထားတယ်.....မဖြေနိုင်ကြဘူး..... ကိုယ်တိုင်က မဖြေနိုင်ပေမယ့် တစ်ခါတည်းတော့ သမုတ်လိုက် တယ် မုဒိတာ မရှိတဲ့ စာတဲ့...... အဲ့ဒိမှာတင် ကိုယ့်ဟာကိုယ် တရားနည်းလမ်းကျသလား မကျသလား ဆိုတာကို စဉ်စားမကြည့်နိုင်တော့ဘူး.... ဒီလောက် ပုဂ္ဂိုလ်ရေး အာဃာတ လုံးဝမပါတဲ့ သုံးသပ်ပြ ထားတဲ့အပေါ် အမှန်ကို လက်မခံနိုင်ကြတော့ ထုံးစံအတိုင်း ဒီမိုနာမည်ခံတွေရဲ့ တံဆိပ်ကပ် ဖင်ပိတ်ငြင်းတာနဲ့၊ ယောက်ျားကြီးတန်မဲ့ ကွယ်ရာ အတင်းတုတ်ကြတာနဲ့ပဲ အဆုံးသတ်ကြ တယ် .......

နောက်တစ်ခု NLD ရဲ့ အခုအချိန်ထိ အားနည်းချက်ဟာ လူထုရဲ့ ယုံကြည်မှုကို ကိုးစားလွန်ပီး တကယ့်အရေးကြီးတဲ့ ကိစ္စတွေမှာ Plan B ဆိုတာ မရှိခဲ့ဘူး..... ၉၀ ရွေးကောက်ပွဲမှာ အာဏာ လွှဲမပေးရင် ဘာလုပ်မလဲ Plan B မစဉ်းစားခဲ့ဘူး..... ရွေးကောက်ပွဲအပြီး တစ်လကျော် ကြာတဲ့အထိ ငုတ်တုတ်နေခဲ့ပြီး ဟိုဘက်က ချည်ပြီတုတ်ပီးမှ ကမန်းမတန်းထလို့ ဂန္ဓီကြေငြာစာတန်း ထုတ်ခဲ့တယ်...... ဒီလိုပဲ အစဉ်အဆက် ဒေါ်စုမရှိရင် ဘာဆက်လုပ်မလဲ မစဉ်းစားခဲ့ဘူး.... ပါတီခေါင်းဆောင်တွေ စစ်အစိုးရက ထောင်ထဲထည့်ပီး ပါတီကို နိုင်ငံမှာ အတိုက်အခံရှိတယ် ဆိုတဲ့သဘောလောက် ထားခဲ့တာလည်း အမှတ်သညာ မရှိခဲ့ဘူး......

ဘာကြေငြာစာတန်း၊ ညာကြေငြာစာတန်း၊ အပြင်ကို မထုတ်ပြန်ခင်မယ် ထောက်လှမ်းရေးကနေ ဒီစာတန်းပါ ဒီအချက်တွေကို ကျုပ်တို့ မကြိုက်ဘူး ပြင်ပါဆိုပီး လှမ်းပြောလို့ ပြင်ခဲ့ရတဲ့အထိ အတော်လေးကို အားနည်းခဲ့တာကိုလည်း ငြင်းမရဘူး...... အဲ့ဒိလိုပဲ အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မပေးရင် ဘာလုပ်မယ်ဆိုတဲ့ Plan B လည်းလုံးလုံးကို မရှိကြဘူး....... ဒီလောက် ဒေါ်စု သွားလာနေတယ် သူမ ပင်ပန်းလို့ မတော် ကျန်းမာရေးကြောင့် ပါတီကို ဦးမဆောင်နိုင်ရင် ဘယ်လိုလမ်းစဉ်တွေနဲ့ ရှေ့ဆက်မလဲ လုံးဝကို မရှိသေးဘူး...... ဒေါ်စုကိုယ်တိုင် ပြောထားတဲ့ စကားကလည်း သူမနောက်ပိုင်း NLD အတွက် စဉ်းစားကို မထားသေးဘူး ဆိုတဲ့စကား...... ဒီအားနည်းချက်တွေကို မမြင်ပဲ NLD ထက်သာတဲ့ ပါတီရှိရင် ထောက်ပြပါ ဆိုတဲ့စကားဟာ အတော်လေး မိုက်မဲတယ်ပဲ ဆိုရမယ်..... လက်ရှိ အရှိကို မမြင်တာလို့ပဲ မြင်မိတယ်......

အဓိက တိုင်းပြည်ကို အားလုံး ကောင်းစေချင်တယ်..... အဲ့ဒိအတွက် အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း မြင်ဖို့လိုတယ်..... အဓိက အတိုက်အခံအနေနဲ့ လူသိနေတဲ့ ကမ္ဘာသိတဲ့ NLD အနေနဲ့ အခြားသော နိုင်ငံရေး ပါတီတွေထက်ကို ကြိုးစားပြဖို့လိုတယ်..... ကိုယ်ကိုယ်တိုင်က ကြိုးစားမပြပဲ မဏ္ဍပ်တိုင်ပေါ်ပဲ တက်ပြနေရင်တော့ ၂၀၁၅ မှာ ထင်သေလာက် ရလာဘ်မကောင်းရင် ဆက်ပြီး နာမှာ ပြည်သူလူထုပဲ...... အဲ့ဒိအခါကြမှ အခုလို ဟိုလူ့လက်ညှိုးထိုး ဒီလူ့လက်ညှိုးထိုးဟာ အတော်လေးကို ရွံ့စရာကောင်းတဲ့ တာဝန်ယူမှုပဲ ဆိုတာ သိကြပါစေလို့ပဲ ပြောချင်မိတယ်........

၂၀၁၅ တော့ ကျုပ်ဘယ်ပါတီမှကို မဲမပေးဘူး စိတ်ပျက်လို့......

ဒီစာနဲ့ ပါတ်သက်လို့ ချက်နဲ့ လက်နဲ့ ထောက်ပြနိုင်သူ အားလုံးကို ကြိုဆိုတယ်၊ တစ်ယူသန် ငါသိတာ အမှန်ဆိုပီး ပြန်ထောက်ပြတဲ့ စကားတွေကို ဂရုမစိုက်သူမျိုးကို သိပ်ပီး လက်ခံ စကားမပြေဘူး..... ဆဲချင်လည်းဆဲ..... ဘာဆိုတာ အထူးတလည် ပြောဖို့ မရှိဘူး.......

မှတ်ချက် ။ ။ NLD နဲ့ ပါတ်သက်လို့ ဝေဖန်တိုင်းမှာ ဒီလိုစာ ထည့်ရေးနေရတဲ့နောက်တော့ ခင်ဗျားတို့ အဆင့်အတန်း ခင်ဗျားတို့ စဉ်းစားကြပေါ့........


Voice of James Mint Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်


Related Posts Plugin for WordPress, Blogger...