အရင်အလုပ်မှာတုံးက.. Singaporean ဘောစိတစ်ယောက်က
ပြောဖူးတယ်..။
သတင်းစာတွေ၊ ဂျာနယ်တွေ၊ တီဗီသတင်းတွေမှာ အနိဌာရုံတွေ သိပ်များလွန်းတယ်..။ တစ်ရက်လည်းမဟုတ်.. နေ့စဉ်လိုလို.. ဟိုနားဒီနား ကမ္ဘာတလွှားက အနိဌာရုံတွေကို ကြားရမြင်ရဖတ်ရတာ စိတ်မသက်သာဘူး..။
ဒါကြောင့်.. ငါ- ကတော့.. သတင်းစာဖတ်ဖတ်၊ ဂျာနယ်ဖတ်ဖတ်၊ တီဗွီကြည့်ကြည့် အဲ့ဒါတွေကို ကျော်ဖတ်ကျော်ကြည့်တယ်.. တဲ့။
သူပြောတာလည်း ဟုတ်တုတ်တုတ်..။
ဒီမနက်ပဲ ကြေးမုံသတင်းစာ ကောက်လှန်မိပါတယ်..။
နိုင်ငံတကာ သတင်းအနေနဲ့.. ဆီးရီးယားမှာ ဓါတုလက်နက်နဲ့တိုက်ခိုက်ခံရပုံ၊
အာဖဂန်မှာ တာလီဘန်က အမေရိကန်စစ်စခန်းကို ဆော်ပလော်တီးပုံ.. စတာတွေကို ဝေေ၀ဆာဆာတွေ့ရတယ်..။
ပြည်တွင်းသတင်းအနေနဲ့ကတော့.. မျက်နှာဖုံးမှာ သမ္မတကြီး တရုတ်ပြည် ခြေစင်္ကြာဖြန့်တာ တွေ့ရပြီး.. မှုခင်းစာမျက်နှာမှာတော့
လျှပ်စစ်ကေဘယ်ကြိုးခိုးတဲ့ သူခိုးဂိုဏ်းဖမ်းမိပုံ တွေ့ရတယ်..။
နောက်..
မိခင်ကို လည်ပင်းညှစ်သည့်သား- ဓါးဖြင့်ပေါက်ခံရ၍ သေဆုံး.. တဲ့..။
သားအကြီးက မူးယစ်သောက်စားဆဲဆိုပြီး မိခင်ကိုလည်ပင်းထညှစ်လို့
သားငယ်လုပ်သူက ဓါးနဲ့ပေါက်လိုက် သတဲ့..။
ဒါတင်ပဲလားဆိုတော့.. မဟုတ်သေးဘူး..။
ပထွေးဖြစ်သူ ရိုက်နှက်၍ သုံးနှစ်ကလေးသေဆုံး.. တဲ့..။ သေချာဖတ်ကြည့်တော့ သုံးနှစ်ကလေးကို ပထွေးက ရိုက်နှက်ကိုင်ပေါက်လိုက်လို့ သတိလစ်သွားတာကို အပူအပုပ်များပြီး တက်သွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးရုံပို့ခဲ့ကြောင်း သိရတယ်..။ မိခင်ဖြစ်သူကိုယ်တိုင်က အဲ့ဒီလုပ်ဇာတ်မှာ အလိုတူအလိုပါဖြစ်ကြောင်းလည်း သိရတယ်..။
ဒေါသ နဲ့ လောဘ နဲ့ မောဟနဲ့ သွေးသားရင်းချာပင်ဖြစ်ပစေ.. ရိုက်နှက်သတ်ဖြတ်နှိပ်စက်ကလူပြုကြတာတွေဟာ.. လူ့ပြည်လူ့ရွာမှာ.. ကျုပ်တို့ဆီမှ မဟုတ်ပါဘူး.. တိုးတက်လှပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာ
လည်း ဖြစ်ပွားလေ့ရှိတာ မကြာခဏဖတ်ရပါတယ်..။
သြော်.. လူ့ပြည်လူ့ဘ၀.. အမယ်ဘုတ်ရဲ့  သူ့ချည်ခင်တွေလို့ ပြောရမှာပဲ..။
ဒီလောက်ပဲလားဆိုပြန်တော့လည်း မကပြန်ဘူး..။
ချောင်းအတွင်း ငါးရှာသူ ရေနစ်သေဆုံး.. ဆိုတဲ့ သတင်းကိုလည်း တွေ့ရပြန်ပါတယ်..။
နောက်ဆုံးမတော့.. '' ပိုးသတ်ဆေး ပါးစပ်ထဲဝင်၍ သေဆုံး '' တဲ့..။
ဖြစ်ပုံက ပိုးသတ်ဆေးဖျန်းရင်း ပိုက်ပိတ်နေလို့ ပိုက်ကိုပါးစပ်နဲ့ စုပ်သတဲ့..။ ဘယ်လို ပြောရမှန်းတောင် မသိတော့အောင်ပါပဲ..။
ဒါကြောင့် Singaporean ဘောစိက ပြောဟန်ရှိတယ်..။
သတင်းစာတွေ-ဂျာနယ်တွေ-တီဗွီသတင်းတွေက အနိဌာရုံတွေကို ငါ ကျော်ကြည့်၊ ကျော်ဖတ်သတဲ့..။
ကျွန်တော်လား.. ကျွန်တော်က စင်ကာပူဘောစိမှ မဟုတ်တာ..။
အဲ့ဒါတွေလည်း ဖတ်ပါတယ်..။ ဖတ်ပြီး ဆင်ခြင်ပါတယ်..။ စဉ်းစားပါတယ်..။ သင်ခန်းစာယူသင့်ရင် ယူပါတယ်..။ လူပဲဗျာ.. ခံစားသင့်ရင်လည်း ခံစားမိပါတယ်..။ တခါတရံတော့လည်း ယူကြုံးမရဖြစ်မိပါတယ်..။
- Ko Navana
0 comments:
Post a Comment