စီးပွားရေးအရဆိုလဲ အဲဒီတုံးက နိုင်ငံတကာက သုံးသပ်ချက်များအရ ဆိုရင် အစိုးရဆီမှာ နိုင်ငံခြားအရန်ငွေ ဒေါ်လာ သန်းသုံးဆယ်ကျော်ပဲ ရှိတယ်လို့ ဆိုတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့မိန့်ခွန်းတစ်ခုထဲမှာဆိုရင် နိုင်ငံခြားမှာရှိတဲ့ မြန်မာသံရုံးတွေအတွက် လစာနဲ့ အသုံးစရိတ်ပေးဖို့ တစ်လစာပဲ ရှိတယ်လို့ ထည့်ပြောသွားတာ မှတ်သားမိပါတယ်။
စစ်ရေးအရ ပြောရရင် မြို့ကြီးတွေမှာ လုံခြုံရေးယူဖို့အတွက် ရှေ့တန်းက တပ်တွေကို ဆွဲထုတ်သွားရလို့ ဗကပ၊ ကေအင်ယူ၊ အက်စ်အက်စ်အေ၊ ကေအိုင်အေစတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက ဒေသအလိုက် ထိုးစစ်တွေဆင်နွဲပြီး တိုက်ပွဲကြီးတွေ ဖော်ဆောင်နိုင်ခဲ့တယ်။ ထိုင်းနယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ကျောင်းသား လူငယ်တွေနဲ့ ဖွဲ့ထားတဲ့ ကျောင်းသား တပ်မတော် (ABSDF) ဟာ အင်အားကောင်းတဲ့ တိုက်ခိုက်ရေး အင်အားစုအဖြစ် ကေအိုင်အေနဲ့ ကေအင်ယူ နယ်မြေတွေမှာ အခြေခံနိုင်ခဲ့တယ်။ အဲဒီအချိန်တုံးက ကျောင်းသား တပ်မတော်နဲ့ နယ်စပ်ရောက် အတိုက်အခံတွေဟာ မြန်မာနိုင်ငံနယ်စပ် အတွင်းထဲမှာ စခန်းရှစ်ခု ဖွင့်ထားနိုင်ခဲ့တယ်။ မိုးညှင်းမြို့တိုက်ပွဲ၊ ရေးမြို့တိုက်ပွဲ၊ ကချင်ပြည်နယ် ကောက်ကွေ့ချောင်း တိုက်ပွဲတွေမှာ ကျောင်းသား တပ်မတော်က စစ်တပ်ကို ရင်ဆိုင်တိုက်နိုင်ခဲ့တယ်။ ပြည်တွင်း နိုင်ငံရေးမှာလည်း န၀တဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဦးစီးတဲ့ ဒီမိုကရေစီ အတိုက်အခံ အဖွဲ့အစည်းတွေတီးတဲ့ ဆိုင်းချက်နောက်ကနေ လိုက်ကနေရတဲ့ အချိန်ဖြစ်တယ်။ အဲဒီတုံးက အခြေအနေ ဖန်တီးနိုင်ခွင့်ဟာ အတိုက်အခံများရဲ့ လက်ထဲမှာ ရှိတယ်လို့ ပြောရမှာဖြစ်တယ်။
အခု အနှစ်နှစ်ဆယ်အကြာမှာ အင်အားချိန်ခွင်လျှာက ပြောင်းပြန်ဖြစ်သွားပြီဆိုတာ ထင်ရှားပါတယ်။ ကျောင်းသား တပ်မတော်ဟာ အင်အား ရာဂဏန်းပဲရှိပြီး တိုက်ပွဲမဆင်နိုင်တာ ဆယ်စုနှစ်တစ်ခု ကျော်သွားပါပြီ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဆယ်နီးပါး ငြိမ်းချမ်းရေး ယူသွားတာကြောင့် လွတ်မြောက်နယ်မြေလို့ ပြောနိုင်တဲ့ နေရာ များများစားစား မကျန်တော့ပါဘူး။ အနောက်အုပ်စုရဲ့ ဖိအားပေးမှုတွေ၊ ဒဏ်ခတ် ပိတ်ဆို့မှုတွေကလဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံရဲ့ ပူးပေါင်းမှုမရှိလို့ လိုချင်တဲ့ ရည်မှန်းချက်ကို မပေါက်ရောက်ဘူး။
ပြည်သူတွေ စီးပွားရေး ကျပ်တည်းနေတဲ့ တိုင်အောင် ၈၈ တုံးက နိုင်ငံခြား အရန်ငွေဒေါ်လာ သန်းသုံးဆယ်လောက်နဲ့ အသက်ဆက်ခဲ့ရတဲ့ န၀တ ဘဏ်တိုက်ထဲမှာနိုင်ငံခြားအရန်ငွေဒေါ်လာသန်းရှစ်ရာနီးပါးရှိတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က တွက်ချက် ထားတယ်။ ပြည်တွင်း နိုင်ငံရေးမှာ ကြည့်လိုက်တော့ အခြေအနေ ဖန်တီးနိုင်ခွင့်က နအဖ ဘက်မှာရောက် နေတာကို တွေ့ရမှာပါ။
ပြည်တွင်းပြည်ပ အတိုက်အခံများအနေနဲ့ နအဖရဲ့ လမ်းပြမြေပုံကို လက်မခံဘူးလို့ ပြောပေမယ့် ဒါကိုရပ်သွားအောင် လုပ်နိုင်မယ့် နည်းဗျူဟာ၊ မဟာဗျူဟာများကိုတော့ ပြည်သူတွေ သိအောင်၊ လိုက်လုပ်နိုင်အောင် ချမပြ နိုင်သေးတာကို သတိထားမိပါတယ်။
0 comments:
Post a Comment