ခါတော်မီသာကူးများ
ယခုကာလအတွင်း မီဒီယာအချို့က တပ်မတော်အပေါ် အပြည့်အ၀ အားပေးကျေးဇူးဆပ်နေတာကိုတွေ့ရမှာပါ။ ဂျာနယ်တွေမှာ တပ်မတော်က အတင်းအဓမ္မ လူသစ်စု ဖမ်းဆီးနှိပ်စက်တယ်လို့လည်း မဟုတ်မမှန်ရေးကြတယ်။ နယ်ကဓားပြမှုမှာလည်း တပ်ကပါသလိုလို သတင်းလွှင့်တယ်။ စိတ်ဓာတ် မကောင်း၊ လက်ကြောမတင်းလို့ စစ်ပြေးလေးတွေ KIA ဆီရောက်သွားလည်း အသက်မပြည့်ဘဲ စုဆောင်းခံရတဲ့ “တိုက်ပွဲကြားကမြေစာပင်” လေးတွေဆိုပြီး တပ်မတော်အပေါ်လက်ညှိုးထိုးလာတယ်။ နောက်မှ မဟုတ်မမှန်လုပ်ကြံရေးသားထားတာတွေက အဖြစ်မှန်ပေါ်လာရော။ ဒီလိုတပ်မတော်အပေါ် မဟုတ်မမှန် လုပ်ကြံအပုပ်ချနေသူများကို တရားစွဲဘို့ လူကြီးမင်းများ မစဉ်းစားကြတော့ဘူးလား။
စတုတ္ထမဏ္ဍိုင်ကြီးက ဒီလိုဖြစ်နေတော့ ဘယ်သူ့သွားအားကိုးကြမလဲ။ မီဒီယာအတော်များများက တိုင်းပြည်တိုးတက်ရေးအတွက် စတနာသန့်သန့်၊ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ရေးသားတင်ပြ နေကြပေမယ့် မီဒီယာအချို့က သတင်းလွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ ပွင့်လင်းမြင်သာမှု စတာတွေ ကို ဘန်းပြပြီး နိုင်ငံတော်အစိုးရ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ တပ်မတော်အပေါ် တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်တစ်ဖုံ အပုပ်ချစွပ်စွဲရေးသားနေကြပြီး အငြိုးအတေးကြီးကြီးနဲ့ လုပ်နေသလားလို့တောင် ယူဆရပါတယ်။ ဒီပုဂ္ဂိုလ်တွေကို ပြန်လေ့လာလိုက်ရင် ယခင်လက်ထက် မီဒီယာများ ထုတ်ဝေခွင့်ရရှိရေးအတွက် တာဝန်ရှိသူများနဲ့ဆွေမျိုးအရင်းထက်ပိုပြီး ရင်းနှီးကြတဲ့သူများဖြစ်ပါတယ်၊ အချို့ကလည်းဆွေမျိုးရင်းခြာများဖြစ်ပါတယ်။ ရသမျှအခွင့်အလမ်းကို လက်မလွတ်တမ်း သုံးစွဲတဲ့သူတွေပါ။ အချို့ကလည်း လက်ကျန်အရှိန်အ၀ါလေးတွေ ခုထိခံစားနေဆဲလူတွေပါ။
နိုင်ငံတော်အပေါ်ဆန့်ကျင်ပြီး အခွင့်ကျေးဇူးမခံစားခဲ့ရတဲ့သူတွေ၊ မိမိယုံကြည်ချက်ကြောင့် ဖိနှိပ်ချုပ်ချယ်မှုကိုခံခဲ့ရတဲ့သူတွေက ဒီကနေ့ နိုင်ငံတော်အစိုးရ၊ အုပ်ချုပ်ရေးအဖွဲ့များနဲ့ တပ်မတော်အပေါ် အပြစ်တင်ဝေဖန်ပြောဆိုတယ်ဆိုရင် ခံသာပါသေးတယ်။
ခုတော့တစ်သက်လုံး “သားရေပေါ်အိပ် သားရေနားစား” အခွင့်ထူးခံလူအချို့က ခေတ်နဲ့အမီ “ခါတော်မီသာကူး”လုပ်ပြီး ကိုယ့်ကျွေးတဲ့လက် ကိုယ်ပြန်ကိုက် နေတာကတော့ ခံရသူမပြောနဲ့ဘေးကမြင်ရတဲ့သူတောင် ဘယ်လိုမှကြည့်မကောင်းပါဘူး။ ကျေးစွပ်ခြင်းကြောင့် ခံစားရမယ့်အပြစ်တွေကိုတော့ စာတတ်ပေတတ်ဖြစ်သော အနှီပုဂ္ဂိုလ်များက ပို၍ သိရှိမှာဖြစ်ပါကြောင်း………….
-အောင်ဘာလေ
-အောင်ဘာလေ
0 comments:
Post a Comment