Tuesday, July 30, 2013

သုံးလေးရက်အတွင်း အင်တာနက် လိုင်းများ ပြန်ကောင်းမည်ဟုဆို

သုံးလေးရက်အတွင်း အင်တာနက် လိုင်းများ ပြန်ကောင်းမည်ဟုဆို


သက်ဦးမွန်

ရန်ကုန် - ဇူလိုင်၂၉၊ ၂၀၁၃ (မော်ကွန်း)

ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်းရှိ ချို့ယွင်းနေသောအစိတ်အပိုင်း အား အစားထိုးလဲလှယ်နေပြီး ပြန်လည်ချိတ်ဆက်နေကြောင်း အဆင်ပြေပါက အင်တာနက်လိုင်းများ သုံးလေးရက် အတွင်းအရင် မြန်နှုန်းအတိုင်း ပြန်လည်အသုံးပြုနိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်က ပြောသည်။

အခြားချို့ယွင်းမှုများကိုလည်း ကေဘယ်ကြိုးတစ်လျှောက် လိုက်လံစစ်ဆေးနေပြီးပြဿနာ တစ်စုံတရာ မတွေ့ပါက သုံးလေးရက်အတွင်း ပြင်ဆင်မှုလုပ်ငန်းများပြီးစီးမည်ဟု အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက ရှင်းပြသည်။ ကေဘယ်ကြိုးပေါက်ပြီး ပါဝါကျသွားခြင်းဖြစ်ကြောင်းနှင့် မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ကို အတိအကျမသိရကြောင်း ၎င်းကပြောသည်။


အဆိုပါ ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း သည်
(၂၂-၇-၂၀၁၃) ရက်နေ့ ညနေ (၀၅:၀၀)နာရီခန့်တွင်ချို့ယွင်းမှုဖြစ်ပွားခဲ့ပြီး ဤဆက်ကြောင်းမှ ဝန်ဆောင်မှုပေးထားသော အင်တာနက် နှင့် နိုင်ငံရပ်ခြား တယ်လီဖုန်း အဝင်/အထွက်
ခေါ်ဆိုမှုများ လုံးဝပြတ်တောက်ခြင်းမရှိစေရန် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများမှ ချိတ်ဆက်ပေးထားကြောင်း မြန်မာ့ဆက်သွယ်ရေး ၀ဘ်ဆိုက်တွင်ဖော်ပြခဲ့ပြီး အင်တာနက် သုံးစွဲနေသူများ အကြားအတော်လှုပ်ခတ်သွားသော သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်အတွင်း အင်တာနက်ဆိုင်ဖွင့်ထားသူတစ်ဦးမှ “ကျွန်တော်တို့အနေနဲ့ ဒီလိုအင်တာနက်လိုင်းတွေနှေးကွေးသွားတာ စီးပွားရေး ကိုအတော်ထိခိုက်ပါတယ်။ အသုံးပြုသူတွေလည်း အရင်ထက်အများကြီးနည်းသွားတယ်” သူကြုံတွေ့ရသည့်
အခက်အခဲ ကိုပြောပြသည်။ အင်တာနက်လိုင်းများ ပြန်လည်ပြင်ဆင်ပြီးပါကလည်း
အရင်ကထက် အင်တာနက်မြန်နှုန်းမြင့်စေချင် သည်ဟု ၎င်းကဆိုသည်။

Yangon Press International

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...