Tuesday, July 30, 2013

ဂျိန်းဖောအမေအိုရဲ့ပေးစာ


သို့
-     ဦးဇောင်းဟရား
ဥက္ကဋ္ဌ၊ ကေအိုင်အို
-     ဦးဆွမ်လွတ်ဂမ်
ငြိမ်းချမ်းရေးအကျိုးဆောင်

    ဒူဝါတို့ပြောတော့  “ကချင်ပြည်နယ်ငြိမ်းချမ်းရေး”ဆို၊ “ကချင်လူမျိုးကောင်းစားရေး”ဆို၊ ကြုံတဲ့ အချိန်တိုင်း၊ ကြုံတဲ့နေရာတိုင်း၊ ကြုံတဲ့လူတိုင်းကို ဒူဝါတို့အမြဲပြောနေကြလေ။ ဒူဝါတို့ပြောနေတဲ့ ဒို့ကချင်ပြည်နယ်ကြီး ဘယ်တော့ငြိမ်းချမ်းမှာလဲ။ ဒို့ကချင်ပြည်နယ်သားတွေ ဘယ်တော့ကောင်းစားမှာလဲ။ ခုချိန်ထိတော့ ဒို့ပြည်နယ်ကြီး ငြိမ်းချမ်းဖို့၊ ဒို့တိုင်းရင်းသားတွေကောင်းစားဖို့ တစ်စက်မှကို မမြင်သေးဘူးနော်။
    ဒူဝါတို့ ဘာလုပ်နေကြလဲ။ လုပ်လိုက်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်းလည်း မနည်းတော့ဘူး။ ခုထိကို အဆင်မပြေကြသေးဘူး။ ဟိုဘက်က လျှော့ရင် ကိုယ့်ဘက်ကလည်း လျှော့သင့်သလောက် လျှော့ပေးပေါ့။  တိုင်းရင်းသားအားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနေချင်လေ၊  ဒူဝါတို့လက်နက်ကိုင်အဖွဲ့တွေက ပိုဈေးကိုင်လေ ဖြစ်နေတယ်။
    “နှစ်ပေါင်း ၆၀ ကျော် မယုံကြည်ခဲ့တာကို ခုချက်ချင်းယုံလို့မရဘူး”လို့၊ “အပစ်အခတ်ရပ်စဲ ထားပေမယ့် စစ်သားလည်းအသက်တစ်ချောင်းပဲပါလို့၊ မတော်တဆတွေ့ကြရင်တော့ ပစ်ခတ်နေကြဦးမှာ” လို့၊ ဒီလိုပဲ ဒူဝါတို့ ပြောနေကြတော့မှာလား။ ပစ်ကြခတ်ကြ၊ သေကြကျေကြတာ ဒူဝါတို့ရဲ့ သားသမီးတွေမှ မဟုတ်တာကို။ စစ်ဘေးသင့်လို့ နေစရာ၊ စားစရာမဲ့ပြီး ဒုက္ခသည်စခန်းကို  ရောက်တဲ့အထဲ ဒူဝါတို့ မိသားစုတွေမှ မပါတာကို၊ ဒူဝါတို့မိသားစုတွေ၊ သားသမီးတွေက အေးအေးဆေးဆေး၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘေးကင်းရာမှာ ကောင်းကောင်းနေကြရတာကိုး။
    အနူးတို့၊ အ၀ါးတို့ သာမန်အရပ်သားမိသားစုတွေသာ ဒီဒုက္ခတွေကို ခါးစည်းခံနေကြရတာပါ။ သားသမီးချင်းကိုယ်ချင်းမစာကြဘူး။ ကချင်လူမျိုးကောင်းစားရေးကို ဗန်းပြပြီး အနူးတို့ရဲ့ ရင်သွေးငယ်တွေ ကို မိဘရင်ခွင်ထဲက ဆွဲထုတ်ပြီး အဓမ္မစစ်သားစုဆောင်းတယ်၊ သင်တန်းပေးတယ်၊ ရက်ရက်စက်စက် ခိုင်းတယ်၊ ကလေးတွေ သေကြေဒုက္ခရောက်တော့ အနူးတို့ မိဘအရင်းတွေက ရင်ကျိုးရတာပါ။
    ဒူဝါတို့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးဆိုပြီး ဘာတွေလုပ်နေတာတုန်း၊ စစ်သားတွေက အနူးတို့သုံးနေ တဲ့လမ်းတံတားနဲ့ မီးရထားလမ်းတွေ ဖျက်ဆီးမခံရအောင် နေ့နေ့ညည ကင်းစောင့်ပေးနေချိန်မှာ ဒူဝါတို့ ကေအိုင်အေတွေက ဖောက်ခွဲရေးသင်တန်းတွေပေးနေတယ်။ အစိုးရနဲ့ အဖွဲ့အစည်းတွေက မိုင်းရှင်းလင်းဖို့ အစီအစဉ်တွေလုပ်နေချိန်မှာ ကေအိုင်အေက မိုင်းတွေထောင်ဖို့လုပ်နေကြတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့တုန်းကပဲ အနူးတို့ ပ၀ါးရွှေမှော်နားမှာ၊ မိုင်းလာထောင်ရင်း မတော်တဆပေါက်ကွဲသွားလို့ ကေအိုင်အိုဗိုလ်ကြီးတစ်ယောက်နဲ့ တပ်သားတစ်ယောက်သေပြီး တပ်သားလေးတစ်ယောက် ဒဏ်ရာပြင်းပြင်းရခဲ့တယ်။ မိုးညှင်း အင်းတော်ကြီးဒေသ မိုင်းနောင်ရွာရဲ့ အနောက်ဘက်မှာပေါ့။ ငြိမ်းချမ်းရေးလုပ်နေတယ်ဆို ဘာလို့မိုင်းတွေထောင်နေရတာလဲ၊ ဘယ်သူတွေကို ထိခိုက်စေချင်လို့လဲ၊ သူများ မကောင်းကြံရင်း အမှန်တကယ်ထိခိုက်သေဆုံးကုန်တာ ဘယ်သူတွေလဲ။
    ဒီလို ဘုမသိဘမသိ အဓမ္မစုဆောင်းခံရပြီး ဒူဝါတို့ရဲ့ ကိုယ်ကျိုးအတ္တတွေအတွက် အကြောင်းမဲ့ အသက်စွန့်ခဲ့၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အနူးတို့ရဲ့ ရင်သွေးငယ်တွေမနည်းတော့ဘူး။ ကေအိုင်အေရဲ့ ခြိမ်းခြောက်မှုတွေကိုကြောက်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ မိဘမောင်ဘွား၊ လင်ယောက်ျားတွေ ကလည်း အဝေးမှာ၊ ကလေးသူငယ်တွေ၊ မိန်းမတွေက ဒုက္ခသည်စခန်းနဲ့ ရွာပုန်းရွာရှောင်တွေမှာ ဆင်းဆင်းရဲရဲ ဖြတ်သန်းနေရတယ်။ ကလေးလေးတွေက ပညာမသင်နိုင်ကြဘူး။

    ကချင်ပြည်နယ်ကြီး မြန်မြန်ငြိမ်းချမ်းစေချင်ပါပြီ။ 
ကချင်တိုင်းရင်းသားတွေလည်း မိသားစုတစ်ကွဲတစ်ပြားနဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးပြီး ပြေးရလွှားရနဲ့ တော်တော်လေး မောပန်းနာကျင်လှပါပြီ။ ဒူဝါတို့ရဲ့အတ္တ တွေကို နည်းနည်းလောက်လျှော့ပေးဖို့ အချိန်တန်နေပါပြီ။ တောင်းပန်တာပါ။ လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတဲ့  ဒူဝါတို့ကိုလည်း ပြန်မပြောရဲပါဘူး။ နောက်ဆုံးတော့
 နောင်ဘ၀မှာ ဒီလိုနေရာ၊ ဒီလို ခေါင်းဆောင်၊ ဒီလို ပူဆွေးဒုက္ခတွေ မကြုံရစေဖို့ ဘုရားသခင်ထံမှာပဲ တိုင်တည်ရတော့မယ်။
    ဒူဝါတို့မိသားစုတွေ အနာဂတ်ညများကို စိတ်ချလက်ချ အိပ်စက်ဖြတ်သန်းနိုင်ကြပါစေ...။


ဒေါ်လုမိုင်

-     ဦးလဂျွန်ငန်ဆိုင်း
ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...