မြန်မာ့နိုင်ငံရေး သုံးသပ်ချက်နှင့် အလားအလာ(၁)
၂၀၀၇ ခုနှစ်ကုန်ပိုင်းနဲ့ ၂၀၀၈ ခုနှစ်ဟာ မြန်မာ့နိုင်ငံရေးမှာ မုန်တိုင်းထန်တဲ့
ကာလလို့ ဆိုနိုင်ပါတယ်။ ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှုပြီးတော့ နာဂစ်မုန်တိုင်း လာတယ်။ ဒီထိုးနှက်ချက် နှစ်ခုကြောင့် နအဖ အစိုးရ အားနည်းသွားပြီလို့ တွက်ဆသူတွေ ရှိပေမယ့်လဲ နအဖကတော့ သူတို့ ကြေညာထားတဲ့ လမ်းပြမြေပုံ အတိုင်း ဆန္ဒခံယူပွဲကို ကျင်းပခဲ့ပြီး အခြေခံ ဥပဒေသစ်ကို အတည်ပြုခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အခြေခံဥပဒေ အသစ်နဲ့အညီ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့လဲ ဆိုထားပါတယ်။ နိုင်ငံရေး အင်အားစုတွေနဲ့ တိုင်းရင်းသားများ အကြားမှာ ရွေးကောက်ပွဲ ၀င်မယ်လို့ ဆိုသူတွေရှိသလို၊ ရွေးကောက်ပွဲ မ၀င်ဘဲနဲ့ ဒီအခြေခံဥပဒေကို ပယ်ဖျက်နိုင်ရေးအတွက် ဆက်ပြီး ကြိုးစားသွားမယ်လို့ ဆိုသူတွေလဲ ရှိပါတယ်။ ဒီအချိန်မှာပဲ ၂၀၀၈ ခုနှစ်က ကုန်ဆုံးနေပါပြီ။ ၂၀၀၉ ခုနှစ်ကုန်ရင် ရွေးကောက်ပွဲ လာတော့မယ်။ ဒီတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေက ဘယ်လိုရှိလဲဆိုတာ သုံးသပ်ရင်း ၂၀၀၉ ခုနှစ်မှာ ဘာတွေ ဖြစ်လာနိုင်သလဲ မှန်းဆ ကြည့်ရအောင်။ ဒီလေ့လာချက်ဟာ နိုင်ငံရေး ပညာရှင်တစ်ဦး အနေနဲ့ သုံးသပ်ချက် မဟုတ်ပါဘူး။ ကိုယ်ဖြတ်သန်း လာခဲ့တဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ဝေမျှတဲ့ သဘောမျှသာ ဖြစ်ပါတယ်။
အင်အားချိန်ခွင်လျှာ
၁၉၈၈ စက်တင်ဘာ ၁၈ မှာ န၀တ က အာဏာ လွှဲပြောင်းယူလိုက်တော့ အင်အား ချိန်ခွင်လျှာက အတိုက်အခံများ ဘက်မှာရှိတယ်။ ရှစ်လေးလုံးမှာ လူထုက ပါတီစုံဒီမိုကရေစီကို လိုချင်ကြောင်း အတိအလင်း ပြခဲ့တယ်။ ဒါ့ကြောင့် န၀တ အာဏာယူပြီး ထုတ်ပြန်တဲ့ ပထမဆုံး ကြေညာချက်မှာ ပါတီစုံစနစ်နဲ့ ဈေးကွက် စီးပွားရေးစနစ်ကို သွားမယ်ဆိုတာ ကတိပေးခဲ့ရတယ်။ ဒါဟာ စစ်တပ်အနေနဲ့ လမ်းစဉ်ပါတီရဲ့ တစ်ပါတီစနစ်ကို ကာကွယ်ဖို့ မဟုတ်ဘူး ဆိုတာ အတိအလင်း ပြောလိုက်တာပဲ။ တနည်းအားဖြင့် လူထုလိုချင်တာကို သူတို့လုပ်ပေးပါ့မယ်လို့ ကတိပေးခဲ့တာပဲ ဖြစ်တယ်။
န၀တ တာဝန်ယူတဲ့အချိန်မှာ အဲဒီလိုနိုင်ငံရေးပိုင်းအရ အားနည်းခဲ့သလို အုပ်ချုပ်ရေးပိုင်းမှာလည်း ယိမ်းယိုင် နေတယ်။ သပိတ်တိုက်ပွဲ တွေကြောင့် အစိုးရယန္တရားတစ်ခုလုံး ရပ်တန့်နေတယ်။ စစ်တပ် တစ်ခုတည်းသာလျှင် လည်ပတ်နိုင်တဲ့၊ ကွပ်ကဲမှုမပျက်သေးတဲ့ အစိုးရယန္တရား အဖြစ်ကျန်နေခဲ့တယ်။
0 comments:
Post a Comment