Wednesday, July 31, 2013

အိန္ဒိယ-မြန်မာနယ်စပ်တွင် နယ်မြေ အငြင်းပွားမှု မရှိဟု အိန္ဒိယ သံအမတ်ဆို

အိန္ဒိယ-မြန်မာနယ်စပ်တွင် နယ်မြေ အငြင်းပွားမှု မရှိဟု အိန္ဒိယ သံအမတ်ဆို


အိန္ဒိယ မီဒီယာများတွင် ဖော်ပြနေသကဲ့သို့ အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ်တွင် နယ်မြေ သတ်မှတ်မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံ အငြင်းပွားမှုများ လုံးဝ မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးမှ ဒုတိယ သံအမတ်ကြီး Mr.Sailas Thangal က The Voice သို့ ပြောကြား သည်။

အိန္ဒိယနိုင်ငံ အခြေစိုက် သတင်း မီဒီယာများတွင် ဇူလိုင်လ ၂၇ ရက်နေ့က အိန္ဒိယ-မြန်မာ နယ်စပ် အငြင်းပွားမှုများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ Goubajang ကျေးရွာ၏ အစိတ်အပိုင်း အချို့ကို  မြန်မာဘက်သို့ ပေးအပ်လိုက်ရကြောင်း ရေးသားဖော်ပြထားမှု အပေါ် Mr.Sailas Thangal က ယင်းသို့  ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်းရှိ Goubajang ကျေးရွာ ထက်ဝက် သည် မြန်မာနိုင်ငံဘက်သို့ ရောက်ရှိသွားသည်ဟူသော သတင်းမှာ မမှန်ကန်ကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ် အနေအထားအရ အချို့သော ကျေးရွာ နယ်နိမိတ်များသာမက အဆောက်အအုံ အချို့သည် အိန္ဒိယ-မြန်မာ နယ်စပ် တစ်ဖက်တစ်ချက်တွင် ရောက်ရှိနေသည်များ ရှိကြောင်း၊ ယင်းကိစ္စများကို နယ်စပ် အငြင်းပွားမှုဟု မခေါ်ဆိုနိုင်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုးရန်၊ နယ်စပ် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ရန်နှင့် သောင်းကျန်းသူများ၏ အကြမ်းဖက်မှုများကို တန်ပြန် ချေပမည့် ဗျူဟာများနှင့် ပတ်သက်သည့် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ နှစ်နိုင်ငံ ဆွေးနွေးပွဲကို ယခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ အိန္ဒိယနိုင်ငံ အင်ဖာမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ အစိုးရ အရာရှိများ တက်ရောက်ကြောင်း Mr.Sailas Thangal က ဆိုသည်။

အိန္ဒိယ-မြန်မာ နယ်စပ် ဖွံ့ဖြိုးရေးအတွက် နယ်စပ် ဈေးကွက်များ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ မြို့ကြီး သုံးမြို့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယင်းကျေးရွာ အကြီးအကဲများနှင့် မဏိပူရ တောင်တန်းဒေသ သတင်း ထုတ်ပြန်ရေး အဖွဲ့နှင့် ဒေသတွင်း လူမှု အဖွဲ့အစည်းတို့က သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း အိန္ဒိယ သတင်း မီဒီယာများတွင် ဖော်ပြထားသည်။

ယင်းကျေးရွာ အကြီးအကဲ ဖြစ်သည့် Mr. Thangpao Kipgen က နယ်စပ် အငြင်းပွားမှုများကြောင့် ၎င်းတို့ကျေးရွာ ထက်ဝက်သည် မြန်မာနိုင်ငံ ဘက်သို့ ရောက်ရှိနေပြီး ကျေးရွာအတွင်းရှိ ဒေသခံ ပြည်သူများ၏ စိုက်ခင်းများ၊ လယ်ကွက်များ ဆုံးရှုံးခဲ့ရသည့်အပြင် ကျေးရွာအတွင်း လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်ကိုပါ ဆုံးရှုံးနေရကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ယင်းမီဒီယာများတွင် ဖော်ပြထားသည်။

အိန္ဒိယ-မြန်မာ နယ်နိမိတ်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိပါက နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်ရေး အတွက် တာဝန်ရှိသော အဖွဲ့များက လုပ်ထုံးလုပ်နည်းများအတိုင်း နှစ်ဖက် ပူးပေါင်း ဆောင်ရွက် ဖြေရှင်းသွား မည် ဖြစ်ကြောင်း၊ ယင်းသို့သော နယ်မြေ အငြင်းပွားမှုများတွင်ဒေသခံများ၏ အမြင်ကို အတည်ယူ၍ မရနိုင်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေး ဆိုခွင့် ရှိသူပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ကီလိုမီတာ ၁၆၀၀ ကျော် ထိစပ်နေပြီး မြန်မာနှင့် အိန္ဒိယ နယ်နိမိတ် စာချုပ်ကို ၁၉၆၇ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ချုပ်ဆိုခဲ့ကာ နှစ်နိုင်ငံ နယ်နိမိတ် ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကော်မရှင်က နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာရေး လုပ်ငန်းစဉ် အရ ၁၉၇၅ ခုနှစ်တွင် ကီလိုမီတာ ၁၄၆၀ ကျော်ကို တိုင်းတာ ပြီးစီးခဲ့သော်လည်း အိန္ဒိယ-တရုတ် နယ်နိမိတ် ပြဿနာများ ကြောင့် မြန်မာ၊ အိန္ဒိယ၊ တရုတ် သုံးပွင့်ဆိုင် နေရာများတွင် တိုင်းတာမှု မပြီးပြတ်ခဲ့ပေ။

မြန်မာ-အိန္ဒိယ နယ်နိမိတ် တိုင်းတာရေးလုပ်ငန်း ဆောင်ရွက်သည့် အချိန်၌ ကဘော် ချိုင့်ဝှမ်းဒေသရှိ နယ်နိမိတ် မှတ်တိုင် ကိုးခု စိုက်ထူရာ တွင် မြေပြင်နှင့် မြေပုံ ကွဲလွဲမှုများကြောင့် နှစ်ဖက် ကြိုးစား ညှိနှိုင်းကြသော် လည်း သဘောတူညီမှု မရသည့်အတွက် ယင်းမှတ်တိုင်များ မစိုက်ထူနိုင် ခဲ့ပေ။

ယင်းဒေသတွင်း နယ်မြေ သတ်မှတ်ရာတွင် အိန္ဒိယဘက်၏ လိုလားချက် အတိုင်း ကျောက်တိုင် စိုက်ထူပါက မြန်မာဘက်မှ နယ်မြေအချို့ ဆုံးရှုံးမည့် အပြင် ကလေး-တမူး ကားလမ်း အစိတ်အပိုင်း အချို့မှာ အိန္ဒိယဘက်သို့ ကျရောက်သွားနိုင်ကြောင်း၊ မြန်မာဘက်၏ လိုလားချက်အရ ကျောက်တိုင် စိုက်ထူလိုပါက အိန္ဒိယကျေးရွာကို နှစ်ခြမ်း ခွဲသကဲ့သို့ ဖြစ်သွားမည် ဖြစ်ပြီး တစ်ခြမ်းက မြန်မာနိုင်ငံ ဘက်သို့ ရောက်ရှိလာ မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က ဇူလိုင်လ ၂၇ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ပြောကြားချက်အရ သိရသည်။

Credit To >> The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...