ပြည်ပ ခရီးသွားလုပ်ငန်း တိုးတက်ရေး စာတမ်း လေးစောင် ဖတ်ကြားမည်
ရန်ကုန်၊ ဇူလိုင် ၂၉
မြန်မာနိုင်ငံအတွင်းမှ ပြည်ပနိုင်ငံများသို့ သွားရောက် လည်ပတ်သည့် ပြည်ပ ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ပ ခရီးသွား လုပ်ငန်း အကြံပြု စာတမ်း လေးစောင်ကို သြဂုတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ ယုဇန ဟိုတယ်တွင် ဖတ်ကြားသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်က ပြောကြားသည်။
ပတ္တမြားမြေ ခရီးသွားလုပ်ငန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးအေးကျော်က ပြည်ပ ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒဆိုင်ရာ အကြံပြု စာတမ်း၊ ခင်နန္ဒာ ဗုဒ္ဓဂယာ ဘုရားဖူးလုပ်ငန်း တာဝန်ခံ ဒေါ်ခိုင်သဇင်နှင်းက ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြု စာတမ်း၊ Ayarwaddy Legend ခရီးသွားလုပ်ငန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးဘုန်းပိုင်ဦး က မြန်မာနိုင်ငံသား ခရီးသွားများအတွက် ပြည်ပ ခရီးစဉ်များ လေ့လာ သုံးသပ်ခြင်း စာတမ်း၊ Myanmar Voyages ခရီးသွားလုပ်ငန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်တိုးက မြန်မာနိုင်ငံ ပြည်ပ ခရီးသွား ဈေးကွက် အလားအလာအပေါ် လေ့လာ သုံးသပ်ခြင်း စာတမ်းများကို ဖတ်ကြား၍ သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြသွားမည် ဖြစ်ကြောင်း ပတ္တမြားမြေ ခရီးသွားလုပ်ငန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးအေးကျော်က ဆိုသည်။
“ပြည်ပ ခရီးသွားလုပ်ငန်းကို လုပ်ကိုင်နိုင်ဖို့အတွက် ဝန်ကြီးဌာနက လိုအပ်တဲ့ အချက်အလက်တွေ တင်ပြပေးဖို့ အသင်းကို ပြောထားတယ်” ဟု ၎င်းက ဆိုသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန အနေနှင့် ပြည်ပ ခရီးသွား လုပ်ငန်းကို တရားဝင် ခွင့်ပြုထားခြင်း မရှိသေးသော်လည်း စာတမ်း ဖတ်ပွဲနှင့် အလုပ်ရုံ ဆွေးနွေးတွင် ခရီးသွား ကုမ္ပဏီများက တင်ပြလာသော အချက်အလက်များပေါ် မူတည်၍ တရားဝင် ခွင့်ပြုသင့် မသင့်ကို ဝန်ကြီးက ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနရုံး အဖွဲ့မှူး ဦးချစ်ခင်က ဆိုသည်။
The Voice Weekly

0 comments:
Post a Comment