လက်ဖြောင့်ရိုင်ဖယ်အသုံးပြုရသည့် အဓိကရည်ရွယ်ချက်မှာ အလှမ်းဝေးကွာသောနေရာရှိ
တန်ဖိုးရှိသော ပစ်မှတ်များအား ကျည်နည်းနည်းဖြင့် ချိန်ရွယ်ပစ်ခတ်သုတ်သင်ရန်ဖြစ်သည်။
အခြေအနေအများစုတွင် ပစ်မှတ်သည် ရန်သူ၊ လက်နက်ကိုင်လူဆိုး၊
အကြမ်းဖက်သမားစသည့် "လူသားပစ်မှတ်" ဖြစ်ပြီး ခဲယမ်းအကုန်အကျမှာလည်း အနည်းငယ်ဟုဆိုခြင်းထက် "တစ်ချက်တည်း" ဖြင့် ထိမှန်မှုကိုဆိုလိုသည်။
လက်ဖြောင့်ပစ်ခတ်မှုအကွာအဝေးသည် ကိုက် လေးရာ/ငါးရာခန့်မှ
ကိုက်တစ်ထောင်ကျော်အထိ ရှိနိုင်ပါသည်။
ပြောင်းအချင်းကြီးမားသည့် လက်ဖြောင့်ရိုင်ဖယ်အချို့ကို ရေဒါစခန်း၊
ရပ်နားထားသောလေယာဉ်ကဲ့သို့ အရာဝတ္ထုများကို သုံးမရဖြစ်သွားစေရန်
ပစ်ခတ်ဖျက်စီးရာတွင်လည်း အသုံးပြုကြပေသည်။
၁၉ ရာစု နောက်ပိုင်းကာလက India နိုင်ငံတွင် ဗြိတိသျှအရာရှိများက
လျင်မြန်စွာလှုပ်ရှားပျံသန်းတတ်သည့် စနိုက် (snipe) ငှက်ငယ်များကိုပစ်ခတ်ရာမှ
Sniper ဆိုတဲ့ ဝေါဟာရပေါ်ပေါက်လာတယ်ဟု မှတ်သားခဲ့ဖူးသည်။
သို့သော် ယခုအချိန်ကာလတွင် နည်းလည်သဘောပေါက်ကြသည့်
Sniper ဆိုသော ဝေါဟာရသည် မူလဝေါဟာရထက်များစွာကျယ်ဝန်းသည့် အဓိပါယ်များပါဝင်နေပေသည်။
Sniper ဟုခေါ်သည့် လက်ဖြောင့်သေနတ်သမားတစ်ဦးသည်ပစ်ခတ်မှုစွမ်းရည်
ပြည့်ဝရုံသာမက ချောင်းမြောင်းချဉ်းကပ်မှု အထူးကောင်းမွန်ရန်လည်း လိုအပ်သည်။
လက်ဖြောင့်တိုက်ပွဲတွင် ထင်ရှားသူတစ်ဦးမှာ စတာလင်ဂရက်တိုက်ပွဲတွင်
ဂျာမန်တို့ ထိတ်လန့်ကြောက်ရွံ့ခဲ့ရသည့် ဆိုဗီယက်တပ်ကြပ်ကြီးVasily Zaitsev ဖြစ်သည်။
Zaitsev သည် ၁၉၄၂ ခုနှစ်နှောင်းပိုင်းကာလအတွင်း ဂျာမန်စစ်သည် (၂၄၂) ဦးကိုသုတ်သင်နိုင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်အထိ ရန်သူ (၄၀၀)ကို သုတ်သင်နိုင်ခဲ့သည်။
Zaitsevကိုသုတ်သင်ရန် ဂျာမန်တို့အနေဖြင့် ထိပ်တန်းလက်ဖြောင့်ဗိုလ်မှူးကြီး Heinz Thorvald ကိုပင် စေလွှတ်ခဲ့ရပြီး ၄င်းတို့နှစ်ဦး သုံးရက်ကြာ သူတင် ကိုယ်တင်တိုက်ခိုက်မှုတွင်
ဂျာမန်၏မှန်ပြောင်း ချိန်ခွက်ရောင်ပြန်ဟပ်မှုကို အမိဖမ်းပစ်ခတ်နိုင်ခဲ့သည့်
Zaitsev က အနိုင်ရရှိခဲ့သည်ကိုတွေ့ရသည်။
နောက်တစ်ဦးကတော့ အမေရီကန်တပ်ကြပ်ကြီး Carlos Hathcock ပါ။
ဒီနေရာမှာ Hathcock ရဲ့ အပင်ပန်းအဆင်းရဲခံနိုင်မှုထက်
သူအသုံးပြုခဲ့တဲ့ လက်နက်ကိုအဓိကထားဖော်ပြမှာပါ။
Hathcock သည် လက်ဖြောင့်သေနတ်အဖြစ် ပွိုင့် ၅၀ ဘရောင်နင် အကြီးစားစက်သေနတ်ကိုအသုံးပြုခဲ့ပြီး ၄င်း၏အောင်မြင်မှုသည်
ပွိုင့် ၅၀ သေနတ်အား လူသတ်၊ သို့မဟုတ်ပစ္စည်း ဖျက်လက်ဖြောင့်သေနတ်အဖြစ် အသုံးပြုလာစေခဲ့သည်။
မြန်မာ့တပ်မတော်သည် ပြည်တွင်းသောင်းကျန်းမှု ဆိုးရွားခဲ့သည့်ကာလတွင်
လက်ဖြောင့်စစ်သည်များကို အသုံးပြုခဲ့မှုအချို့ရှိခဲ့ပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကွန်မြူနစ်သောင်းကျန်းသူများကို နှိမ်နှင်းခဲ့သည့်
လစ်ဘရေတာစစ်ဆင်ရေးတွင် မှန်ပြောင်းတပ် ပွိုင့် ၂၂ ရိုင်ဖယ်ဖြင့်
ပစ်ခတ်ချေမှုန်းခဲ့မှုရှိကြောင်း မှတ်သားခဲ့ဖူးသည်။
ထင်ရှားသော လက်ဖြောင့်စစ်သည်တစ်ဦးဖြစ်သည့်
ဗိုလ်ကြီး ကျော်ရှိန် (သူရဲကောင်း မှတ်တမ်းဝင်) မှာလည်း
ပြည်တွင်းသောင်းကျန်းမှုကာလတွင် သံချပ်ကာယာဉ်ကြည့်ပေါက်အတွင်းသို့
တည့်တည့်ထိမှန်အောင် ပစ်ခတ်ခဲ့ပြီး ရန်သူကို
အထိနာအောင်တိုက်ခိုက်ခဲ့ကြောင်း မှတ်သားခဲ့ရဖူးသည်။
သို့ရာတွင် ခြေလျင်တပ်ရင်းဖွဲ့စည်းပုံတွင် လက်ဖြောင့်တပ်စိတ်ဖွဲ့စည်းထားသော်လည်း
လက်ဖြောင့်ရိုင်ဖယ်များ ထုတ်မပေးနိုင်ခြင်းနှင့် လေ့ကျင့်နိုင်မှုမရှိခြင်းစသော အကြောင်းအမျိုးမျိုးကြောင့် လက်ဖြောင့်တပ်စိတ်ကို
လက်ဖြောင့်ပစ်ခတ်မှုလုပ်ငန်းများတွင် ထိရောက်စွာ အသုံးချနိုင်မှုမရှိဘဲ
တပ်ရင်းမှူးများ၏ လုံခြုံရေးတပ်စိတ်အဖြစ်သာ တည်ရှိနေခဲ့ပါသည်။
အကယ်၍ လက်ဖြောင့်တပ်စိတ်ကို လက်ဖြောင့်ရိုင်ဖယ်များတပ်ဆင်၍
အမှန်တကယ်ထိရောက်စွာ အသုံးချပါက စစ်ဆင်ရေးတွင်များစွာ
အလှည့်အပြောင်းဖြစ်စေနိုင်မည်ဟု ယူဆပါသည်။
အထူးသဖြင့် ရန်သူ၏အခိုင်အမာကတုတ်ကျင်း၊
ဘန်ကာများတည်ဆောက်၍ ခုခံသောနေရာများတွင် မိမိတပ်များသည် ရန်သူ၏လက်နက်ငယ်တစ်ကမ်းအကွာ ကိုက်ငါးရာခန့်အတွင်း
ထိရောက်သော ပစ်ကူမရရှိဘဲ တက်ရောက်ချေမှုန်းရသည့် အခါများတွင်
အထိအခိုက်အကျအဆုံး များပြားလေ့ရှိခဲ့ပါသည်။
ထိုအခြေအနေမျိုးတွင် ရန်သူ၏ ဘန်ကာပစ်ပေါက်များအတွင်းသို့
လက်ဖြောင့်ရိုင်ဖယ်များ အသုံးပြု၍ ဦးနှိမ်ပစ်ခတ်နိုင်ပါက
မိမိတို့မှအထိအခိုက်နည်းပါးစွာဖြင့် ရန်သူကိုချေမှုန်းနိုင်အောင်
အထောက်အကူပြုပေးနိုင်ပါသည်။
ထို့အပြင် ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်တပ်စွဲထားရသော
မဆုတ်တမ်းခံစစ်နေရာများတွင်ရန်သူကိုမုဆိုးအမဲလိုက်နည်းဖြင့်
ချောင်းမြောင်းပစ်ခတ်ကာ စိတ်ဓါတ်ကျဆင်းအောင် ဆောင်ရွက်နိုင်ပါသည်။
ခေတ်သစ်စစ်ပွဲ သဘောတရားအရ အီရတ်စစ်ပွဲကဲ့သို့ မြို့တွင်းတိုက်ပွဲများ
ဆင်နွှဲရမည်ဆိုပါကလည်း အဆောက်အအုံအကြိုအကြားမှ
လက်ဖြောင့်ရိုင်ဖယ်ဖြင့် ချောင်းမြောင်းပစ်ခတ်မှုသည်
များစွာထိရောက်ပြီး ရန်သူကပြန်လည်ချေမှုန်းရန် ခက်ခဲစေမည်ဖြစ်သည်။
လက်ဖြောင့်ရိုင်ဖယ်များသည် လူအင်အားနှင့် လက်နက်ခဲယမ်းအနည်းငယ် အသုံးပြုရုံမျှဖြင့်
ရန်သူကိုရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအရ အထိနာအောင်တိုက်ခိုက်နိုင်သော လက်နက်များဖြစ်ပါသည်။
အင်အားနည်းပါးသော နိုင်ငံငယ်များအနေဖြင့် မိမိထက်အင်အားသာလွန်သော
ရန်သူကိုရင်ဆိုင်ရာတွင် ပြည့်သူ့စစ်မဟာဗျူဟာနှင့် ပြောက်ကျားစစ်နည်းဗျူဟာကို
မလွဲမသွေကျင့်သုံးရမည်သာဖြစ်သည်။
လက်တွေ့သာဓကများအရ လက်ဖြောင့်ရိုင်ဖယ်များသည်
တောတွင်းပြောက်ကျားဖြစ်စေ၊ မြို့တွင်းပြောက်ကျားဖြစ်စေ
မည်သည့်နေရာ၌မဆို ထိရောက်စွာ အသုံးချနိုင်ကြောင်းတွေ့ရသည်။
အထူးသဖြင့် ခနာကိုယ်၌ ကျည်ကာဝတ်စုံဝတ်ဆင်ထားသော
ရန်သူကိုပစ်ခတ်ရာတွင် အကာအကွယ်ကင်းမဲ့သည့် ချက်ကောင်းနေရာများဖြစ်သော
ဦးခေါင်း၊ လည်ပင်း၊ဆီးစပ်စသည့်နေရာများကိုထိမှန်စေရန်
တိကျစွာပစ်ခတ်ရန် လိုအပ်မည်ဖြစ်ပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံမှ တပ်မတော်တစ်ရပ်အနေဖြင့်
မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်တိုက်ပွဲဝင်ရာတွင်
ရန်သူကိုပြုန်းတီးစစ်ဆင်နွှဲ၍ စိတ်ဓါတ်ရေးရာ ချောက်ချားကျဆင်းစေနိုင်သည့်
လက်ဖြောင့်ရိုင်ဖယ်ကို ထိရောက်စွာ လေ့ကျင့်တပ်ဆင်အသုံးပြုသင့်လှပေသည်။
0 comments:
Post a Comment