Monday, August 19, 2013

လူပြောများလာသော မြန်မာ့ရုပ်ရှင်


ရုပ်ရှင်တစ်ကားဖြစ်ဖို့ရာ မလွယ်ကူပါဘူး။ စေတနာ၊ ဝါသနာ၊ 
အချိန်.. စသည်တို့ကိုလည်း အရင်းခံရတယ်ဆိုတာကိုလည်း နားလည်ပါတယ်။
 ပြည်သူလူထု ပိုမိုနှစ်သက်စေရန် ကြိုးစားမယ်ဆိုတာကိုလည်း 
အတိုင်းတာတစ်ခု လက်ခံပါတယ်။ 
ဒါပေမယ့် ဘယ်ပြည်သူလူထုလဲ။ ၁၀နှစ်ကနေ ၁၅နှစ်တွင်း ပြည်သူလူထုလား၊ 
၁၆ နှစ်မှ ၂၂ နှစ်ကြားက ပြည်သူလူထုလား၊ ၂၃ ကနေ ၃၀လောက်ထိတွေလား။
 ၃၁ ကနေ ၄၅တွေလား။ လူကြီးသူမတွေလား။ 
ဘယ် demographic က ပြည်သူလူထုပါလဲ။

အမြဲတမ်း အကြိုက်လိုက်နေတာကော ဖြစ်သင့်သလား။ 

အကြိုက်မလိုက်ဘဲ အရှုံးခံပြီး ဗဟုသုတ၊ 
အတွေးအခေါ်ပိုင်းဆိုင်ရာတွေအတွက်လည်း ကြိုးစားပေးစေလိုပါတယ်။
မင်းသမီးတွေဆိုရင်လည်း အသက်အရွယ်အပိုင်းခြားတစ်ခုထက်ကျော်တာနဲ့ မင်းသမီးမဖြစ်နိုင်တာမျိုးထက်… အသက်အရွယ်တိုင်း၊ 

လူနေမှုအဆင့်တိုင်းကို ကိုယ်စားပြုတဲ့ မင်းသမီး မင်းသားတွေကိုလည်း သရုပ်ဆောင်ခွင့် ပေးသင့်ပါတယ်။ ကော့လန်ကားဖက်ရှင်မယ်တွေမျိုးကို ကြည့်နေရတာမျိုးထက်… စစ်မှန်သော အနုပညာသမားများ၊ 
သရုပ်ဆောင်များကို ကြည့်ချင်မိပါတယ်။

တက္ကသိုလ်ကျောင်းဆိုလည်း ရည်းစားထား၊ မိန်းမတွေအဆောင်ရှေ့ 

ဂစ်တာတဒေါင်ဒေါင်တီး၊ အုပ်စုလိုက်တွန်းထိုး ဟိုပုတ်ဒီပုတ်ဟီလာတိုက်ရယ်မော၊ ၁၀တန်းအောင်လို့ တက္ကသိုလ်တက်ရင်ကို မနက်ဖြန်သန်ဘက် ရည်းစားထားရမယ့်နေရာမျိုးပုံဖော်၊ ကျောင်းပြီးတော့လည်း 
တွဲလာတဲ့ရည်းစားနဲ့ကွဲ လွမ်းမောတသစရာနေရာကြီးအနေနဲ့ ရိုက်ပြကြတာထက်၊ 
တီထွင်မှုတွေဖော်ထုတ်တဲ့နေရာ၊ အတွေးအခေါ်အဆင့်မြင့်မားအောင် 
သင်ကြားပေးရာနေရာ၊ အဆင့်မြင့်တဲ့ အနေထိုင်အပြောအဆိုတွေနဲ့ မြန်မာယောင်္ကျားဆိုရင်လည်း
 လေးစားအထင်ကြီးချစ်ခင်နှစ်သက်စရာ စတဲ့သူတွေ စုဝေးတဲ့နေရာအနေနဲ့ ဖော်ပြသင့်ပါတယ်။

မင်းသမီးတွေဆိုရင်လည်း ကုမဏီမာန်နေဂျာနေရာကနေကို မဆင်းတော့ဘဲ၊ ဟိတ်ကြီးဟန်ကြီးတွေ၊ ခုံကြီးတွေကတော့ ဟီးနေပေမယ့် 

အကြမ်းထည်ကြီးတွေနဲ့၊ ကြည့်ရတာနဲ့တင် tense ဖြစ်ပြီး 
ဇက်ကြောတက်ရတဲ့ ရုပ်ရှင်မျိုး၊ 
ဒါမှမဟုတ်လည်း…. ဘာမဆိုဒရာမာတိုက်ဇ် လုပ်လွန်းတဲ့၊ 
အမေရိကန်လုပ်သမျှ အကုန်လိုက်လုပ်တဲ့ ကိုရီးယားကားမျိုးဆန်ဆန်ထက်….
မြန်မာဆန်ဆန်၊ မြန်မာ့ယဉ်ကျေးမှုကို (အထူးသဖြင့် နိုင်ငံခြားရောက် မြန်မာမျိုးဆက်သစ်များက.. 

ဒါ.. ငါတို့ မြန်မာပါလား… ဆိုပြီး ဂုဏ်ယူဝင့်ကြွားစေတဲ့ စိတ်ဖြစ်အောင်)
 ရိုက်ကူးတင်ပြနိုင်တဲ့ ကားမျိုးကိုလည်း ကြည့်ချင်သူများ ရှိနေကြောင်းကို ပြောကြားလိုမိပါတယ်။

‘မြန်မာရုပ်ရှင်တွေကို မကြည့်ဘူး’ ဆိုပြီး ဂုဏ်ယူဝင့်ကြွားတဲ့ မြန်မာတွေအထဲမှာ မပါတဲ့အတွက် မြန်မာရုပ်ရှင်အဆင့်မြင့်မားတာကို မြင်စေချင်သူ၊

 မြန်မာရုပ်ရှင်ကြည့် ပရိသတ် တစ်ယောက်အနေနဲ့ ရေးသားမိခြင်းသာ ဖြစ်ပါတယ်ရှင်။

ကျေးဇူးတင်စွာဖြင့်.......

- မလေး အိမ့်ချမ်းမြေ့

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...