Monday, August 19, 2013

ငါ့ဘက်က မှားတာ ပါ



ခုတလော လွှတ်တော်မှာရော ၊ အပြင်မှာ ပါ တပ်ကသိမ်းထားတဲ့
မြေ ဆိုသော အကြောင်းရာ နဲ့ ပက်သက်ပြီး မြေယာပိုင်ဆိုင်သူ
ပြည်သူတွေ နဲ့ တပ်မတော်သားတွေ ဖြစ်ကြတဲ့
ပြဿနာတွေကို ကြားနေရပါတယ် ။
အဲဒီ အကြောင်းရာ အနေနဲ့ ကိုယ့်ဘာသာတစ်ယောက်တည်း စဉ်းစားနေမိတယ် ။


ပြည်သူတစ်ယောက်လိုစဉ်းစားခြင်း

ကျွန်တော်တို့ ဟာ ပြည်သူ တွေ ကနေ မွေးဖွား လာသော ၊
 ပြည်သူထဲက ပြည်သူများ ဖြစ်သောကြောင့် ပြည်သူတွေ ရဲ့

ခံစားချက်ကိုနားလည်နိုင်သလို ၊ လယ်ယာမြေ ပြဿနာများနှင့် ပက်သက်လို့ ကိုယ်တွေ့ တွေလည်း ကြုံတွေ့ ခံစားရဖူးပါတယ် ။ 
ဒီမြေ ဒီယာတွေ ဟာ ၊ ဘိုးဘွားလက်ထက် ကပိုင်ဆိုင်ခဲ့တယ် ၊ 
ဘိုးဘွား တွေ သေဆုံးတဲ့ခါ အဖေ အမေတွေကို အမွေပေးခဲ့တယ်  ။
ဒီလယ်မြေ ယာမြေတွေကိုတစ်နှစ် ထက် တစ်နှစ်
ကောင်းမွန်အောင် မြေပြုပြင်တာတွေ ၊ ရေ ကြာကြာနေအောင်ကသန်းတင်ရတာတွေ မျိုးတွေမှာ မိသားစုလိုက် ၆ နှစ်သား ၊ ၇ နှစ်သား ကလေးတွေ ပါမကျန် တစ်မိသားစုလုံး လုပ်ကိုင်ကြရတာမျိုးပါ ။  စီးပွားရေး အဆင်မပြေလို့ မိဘလက်ငုပ်လက်ရင်းလေးတွေကို ရောင်းချသုံးစွဲရတာ မျိုးရှိသလို ၊ ပေါင်နှံ သုံးစွဲရတာမျိုးလည်းရှိတယ် ။ ရောင်းမယ် ပေါင်မယ် ပဲ ထားပါတော့ ...
မောင်ဖြူ ဆီမှာရောင်းရင် ၁ သိန်းပဲရမယ် ၊ မောင်မဲ ဆီမှာရောင်းရင်တော့ ၅ သိန်းလောက်ရမယ် ဆိုရင် ... ကျွန်တော့် အနေနဲ့ မောင်မဲ ဆီရောင်းချင်တာ သဘာဝကျမယ်ထင်ပါတယ် ။ တခါတခါ စီးပွားရေး အဆင်ပြေတဲ့ချိန် 
တခြားတပါးသူဆီကနေ ဝယ်ယူပြီး ကိုယ့်ရဲ့ စိုက်ပျိုးမြေတိုးချဲ့ ရတာတွေလည်းရှိတယ် ။ 
ရွာနားတစ်ဝိုက် ၊ မြို့နားတစ်ဝိုက် ပိုင်ဆိုင်သူတွေသာ ပြောင်းသွားကြတယ် ။ 
ဒီမြေကတော့ ဒီမြေပဲ ။ 

အဲဒီ လယ်ယာမြေ နဲ့ ပဲ စားသောက်ဖို့ ၊ သားသမီးတွေ ကျောင်းထားဖို့ ၊ ကျန်းမာရေးစားရိတ်သုံးစွဲ ဖို့ ၊ အလှုအတန်းပြု ကြဖို့ ၊ 
ကုသိုလ်ရေးလုပ်ကြဖို့ ရှာဖွေ ကြရတယ် ။ ဒီလယ်မြေတွေ ၊ 
ယာမြေတွေ မှ မရှိရင် ဘယ်လိုရပ်တည်မလဲ ။ 
လမ်းတွေဖောက်တယ် ၊ စက်ရုံတွေ ဆောက်တယ် ၊
 အစိုးရစီမံကိန်းတွေ အကောင်ထည်ဖော်တယ် ၊ တပ်တွေတည်တယ်  ... 
ကိုယ် ပိုင်ဆိုင်တဲ့ လယ်မြေ ၊ ယာမြေတွေမှာ စီမံကိန်းမြေ ဆိုပြီး ဆိုင်းဘုတ်လေး လာထောင်လိုက်တာနဲ့ လုပ်ကိုင်လို့ မရတော့ဘူး ။ တခါတလေ သီးနှံ လေး တွေ စိုက်ထားတယ် .. ကိုယ်က ဂရုစိုက်ဖို့ မလိုသေးလို့ တခြား လယ်မြေ ၊ ယာမြေတွေမှာ သွားလုပ်ကိုင်နေတယ် ... ကိုယ်သီးနှံလေးတွေ ကိုယ်လည်းသွားကြည့်ရော အလယ်တည်တည် ကနေ ဘူဒိုဇာ နဲ့ ထိုးသွားတယ် ။ 
တားချိန် ဆီးချိန်လည်းမရလိုက်ဘူး ။ ယူတာကတော့လမ်းတစ်နေရာစာ ပဲ ဒါပေမဲ့ ... လမ်းဟိုဘက်လည်း ထွန်တတုံးးစာ ၊ လမ်းဒီဘက်လည်း ထွန်တတုံးစာ ပဲ ကျန်တော့ တဲ့ခါ ဆက်လုပ်လို့ မရတော့ တာ မျိုး ကိုယ်တွေ့ ကြုံရဖူးတယ် ။

တပ်မတော်သား တစ်ယောက်လိုစဉ်းစားခြင်း

         ပြည်သူအတော်များများမြင်ကြတာ က သူတို့ ပိုင်ဆိုင်ခဲ့သော မြေ ၊ ယာတွေ ကို တပ်မတော် က ဝင်ရောက်နေထိုင် နေတာ ၊ ဝင်ရောက် စိုက်ပျိုးနေတာ ဖြစ်တဲ့ အတွက် ... တပ်မတော်က မြေသိမ်းတယ် (သို့) တပ်သိမ်းမြေလို့ မြင်ကြတာပါ ။ 

သို့ ပေမဲ့ တပ်မတော် က မြေသိမ်းခွင့် မရှိသလို ၊ မြေသိမ်းလို့လည်းမရပါဘူး ။ နိုင်ငံတော်အစိုးရ ကသာ နိုင်ငံအကျိုး အတွက် ဥပဒေ လုပ်ထုံးလုပ်နည်းတွေ နဲ့ မြေယာသိမ်းဆည်းခွင့်ရှိပါတယ် ။

 နေရာတစ်နေရာ မှာ တပ်တည်ဆောက်တော့မယ်ဆိုရင်
နိုင်ငံတော်အစိုးရ ရဲ့ ခွင့်ပြုမိန့် နှင့် အတူ မြေအတိုင်းတာ ပမာဏ ကို သက်ဆိုင်ရာမြေတိုင်းဌာနက တဆင့် တိုင်းတာပေးရတာပါ ။
ပြီးတဲ့ ခါ အဲဒီနေရာကိုတပ်နယ် ၊ တပ်ဧရိယာ အဖြစ်သတ်မှတ်ပါတယ် ။ 
အဲဒီ အခါ ကျမှ သာ တပ်မတော် က ခြံစည်းရိုးခတ်တာ ၊ 
တပ်တည်ဆောက်တာ လုပ်ရပါတယ် ။ 

တပ်တည်ဆောက်တယ်ဆိုရာမှာ တခုပြောလိုတာ က ... တပ်ရဲ့ အလည်ဗဟို (သို့) စစ်ရေးအချက်ချာ နေရာမှာ တပ်ရဲ့ အဓိက ဗဟိုကင်း တပ်ဆောက်ပါတယ် ၊ 
လက်နက် ၊ အရေးကြီးစာရွက်စာတမ်း ၊ ခဲယမ်း စသဖြင့် ထားပြီး နေ့ညမပြတ်စောင့်ကြပ်ကြရတဲ့နေရာပါ ။ 
အဲဒီနေရာ ဟာ တပ်ရဲ့ ခြံစည်ရိုး တွေနဲ့ အနည်းဆုံး 
လက်နက် တစ်ကမ်းအကွာ မှာရှိမှ ရပါတယ် ။ 
လက်နက် တစ်ကမ်းမှီပြီဆိုရင် အပြင်ကနေ လာပစ်ခတ်မယ်ဆိုရင် 
ဗဟိုကင်း ကျဆုံးပါလိမ့်မယ် ။ ဗဟိုကင်းကျဆုံး ရင် တပ်ကျဆုံးတာပါပဲ ။ 
အဲဒီတော့ ဗဟိုကင်းကို မူတည်ပြီး ပတ်လည် မြေနေရာတွေ ယူထားတယ်ဆိုပါတော့ ... တချို့ နေရာတွေကို စစ်သည်တွေနေဖို့ ဘားတိုက်တွေ ၊ ရိပ်သာတွေ ၊ 
ရုံးအဆောက်ဦးတွေ လိုင်းခန်းတွေ တည်ဆောက်လိုက်တယ် ။ 
ပိုနေ ၊ လွတ်နေတဲ့ နေရာတွေရှိတယ် ။ 
အဲဒီနေရာတွေကို တပ် သက်သာချောင်ချိရေးအတွက် သီးနှံတွေ စိုက်ကြတယ် ။ 

မူလ မြေပိုင်ဆိုင်သူ ပြည်သူတွေ အမြင်မှာကျတော့ ... 
တပ်မတော် က သူတို့ မြေသိမ်းပြီး ...
သူတို့ယူစိုက်တယ်လို့မြင်ကြတယ် ။ တခု သိရမှာ က ကျွန်တော်တို့ စစ်သားတွေ စစ်တိုက်ချင်လို့ စစ်ထဲဝင်လာတာ စပါးစိုက်ချင်လို့ ဝင်လာတာ မဟုတ်ဘူး ။
ယောကျာင်္း ကစစ်တိုက် ၊ မိန်းမက ကောက်စိုက် ၊ သားကြီးတော့ ကောက်လှိုင်းပုတ် ၊ သမီးကြီးတော့ စပါးပြာ ... လုပ်ချင်လို့ လုပ်နေကြတာမဟုတ်ဘူး ။ 
မိသားစုတွေ ရှိတယ် ၊ အနာဂါတ်တွေရှိတယ် ၊ ရည်မှန်းချက်တွေရှိတယ် ။ 

ဒါပေမဲ့ တစ်ရက်အတွက် ရိက္ခာ မြန်မာငွေ ၅၀၀ ကျပ်ကျော်နဲ့ 
မိသားစုဘယ်လို ထမင်းစားမလဲ ။ နိုင်ငံအနေနဲ့ ကြည့်ပြန်တော့လည်း
 နိုင်ငံသားဝင်ငွေ တစ်လ ၄၁ ဒေါ်လာ ပျမ်းမျှ ရှိတဲ့ နိုင်ငံ မှာ
 ဒီထက်ပိုပြီး ထင်စားစရာ ဘာတွေရှိမှာလဲ ။ 
အဲဒီတော့ တပ်ရဲ့ ဦးဆောင်သူ တွေဟာ စပါးမစိုက်ချင်လည်းစိုက် ၊
 နွားမမွေးချင်လည်းမွေး ၊ ဝက်မကျွေးချင်လည်းကျွေး ဆိုတာတွေ 
စစ်သည်တွေ မလုပ် လုပ်ချင်အောင် ...
 ချော့လိုက် ၊ ချော့လိုက် နဲ့ ခိုင်းကြရတယ် ။ 

တခါတလေ တပ်တွေရှိတယ် ...
တပ် ရဲ့ ဖွဲ့စည်းပုံမပြည့်ဘူး ... ကောင်းတဲ့ လူတစ်ရာလောက်က 
တစ်နှစ်မှာ ၈ လစစ်ဆင်ရေးထွက် ၊ 
တပ်မှာကျန်ခဲ့တာ က ခြေပြတ် ၊ လက်ပြတ် ၊ အကန်း ... 
အဲဒီတော့ တပ်မှာကင်းစောင့်နိုင် ၊ နွားကျောင်းနိုင်တာ လောက်ပဲလုပ်နိုင်တယ် ။ 
အဲဒီတော့ တပ်ရဲ့ လယ်မြေတွေကို အပြင် က လူတွေကို သီးစားပြန်ချတယ် ။
 အဲဒီ ခါ ပြည်သူတွေ အနေနဲ့ မြင်ကြတာ က တပ် က လယ်တွေသိမ်းပြီး 
ကိုယ့်လယ်ကို အငှား နဲ့ သီးစားပြန်လုပ်ရတယ်လို့ မြင်တယ် ။

တကယ်တမ်း က ဒီလယ်ယာမြေတွေကိုတပ် မြေအနေနဲ့ အစိုးရ က စီမံခန့်ခွဲခွင့်ပေးထားတဲ့ အတွက် သာ ကိုယ်တာဝန်ယူရတဲ့ ချိန်မှာ တာဝန်ရှိသလို စီမံခန့်ခွဲတာပါ ။ 
ဒီတပ်မှာ ကျွန်တော် ၃ နှစ်တာဝန်ကျတယ်ဆိုရင် .. 
ဒီမြေတွေ ကိုကျွန်တော် ၃ နှစ် လုပ်ကိုင်ပေးရတယ် ။
 နောက် တခြားတပ်ကို ပြောင်းရွှေ့ သွားရင်ကျွန်တော်နဲ့ မဆိုင်တော့ဘူး ။ တပ်မတော်သား တွေ ဟာမြေသိမ်းလို့ မရပါဘူး ။

အစိုးရအနေနဲ့ စဉ်းစားခြင်း

        အစိုးရတရပ်ဟာ ပြည်သူတွေ ကိုယ်စားပြုဖို့ ၊ အများကိုယ်စား ...

ပြည်သူများရဲ့ အကျိုးစီးပွားကို ဆောင်ကြဉ်းဖို့ တာဝန်ပေးခြင်းခံရသူတွေ ပါ ။ 
တာဝန်ထမ်းဆောင်စဉ် ကာလမှာ အစိုးရ အဖွဲ့ရဲ့ အကြီးဆုံး သမ္မတ ဟာ
နိုင်ငံတော်ကို ကိုယ်စားပြုပါတယ် ။ နိုင်ငံတော်နဲ့ ပက်သက်တဲ့ အရေးအရာတွေ 

စီမံရာမှာလည်း ဥပဒေပြုအဖွဲ့ က စီရင်ပြုစုထားတဲ့ 
လုပ်ထုံးလုပ်နည်း ဥပဒေ များအရသာ စီမံခန့်ခွဲရတယ် ။

 မြန်မာနိုင်ငံမှာ ၁၉၅၃ ခုနှစ် သမ္မတဦးဘဦး လက်ထပ်တည်း က လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ အရ ...နိုင်ငံတော် မှာရှိတဲ့ လယ် ၊ ယာ မြေများကို နိုင်ငံတော်က သာပိုင်ဆိုင်ပါတယ် ။ 
၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းတဲ့ လယ်ယာမြေဥပဒေ အခန်း (၁) 
ပုဒ်မ ၁ ရဲ့ အပိုဒ်ခွဲ (ဃ) မှာလည်း လယ်ယာမြေအားလုံးရဲ့ 
မူလပိုင်ရှင်ဟာနိုင်ငံတော် ဖြစ်ပြီး ...ပြည်သူများ တောင်သူများကို စိုက်ပျိုးထုတ်လုပ်အသုံးချခွင့် ပြုထားခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။

 နောက် အခန်း (၁၀) ရဲ့ ပုဒ်မ ၂၉ မှာလည်း ( နိုင်ငံတော်၏ ရေရှည်အမျိုးသားအကျိုးစီးပွားအလို့ငှာ စီမံကိန်းလုပ်ငန်းကြီးများအတွက် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန်သက်ဆိုင်ရာစီမံကိန်း အကောင်အထည်ဖော်မည့် ဝန်ကြီးဌာနသည် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ သဘောထားမှတ်ချက်ရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ 
ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ) ဟု ဆိုထားတာ ဖြစ်တဲ့ အတွက် ...
 နိုင်ငံတော် နဲ့ ပက်သက်သော စီမံကိန်းတွေ ၊ 
စက်ရုံတွေ ၊ လမ်းတွေ ၊ တံတားတွေ ၊ ဆည်မြောင်းတွေ ၊ 
တပ်တွေ တည်ဆောက်ရမှာ ယခင်လယ်ယာမြေလုပ်ပိုင်ခွင့် ၊ ပေါင်နှံရောင်းချခွင့် ပေးထားသော ပြည်သူများထံမှ
ပြန်လည်သိမ်းယူခွင့်ရှိ နေတာဖြစ်ပါတယ် ။ 

သို့ပေမဲ့ ပြန်လည်သိမ်းယူရာမှာတော့  လယ်ယာမြေဥပဒေ အခန်း ၉ ပုဒ်မ (၂၆) မှာ
( တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ နိုင်ငံတော်အကျိုးငှာဖြစ်စေ၊ အများပြည်သူအကျိုးငှာ ဖြစ်စေ သိမ်းယူသည့်လယ်ယာမြေနှင့် 

ယင်းလယ်ယာမြေပေါ်၌ အဆောက်အအုံဖြင့် တိုးတက်ကောင်းမွန်စေရန်
ပုပြင်ခြင်းအပါအဝင် မူလလယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိထားသူ
 ဆောင်ရွက်ထားသည့်ကိစ္စရပ်များအတွက် နစ်နာမှု လုံးဝမရှိစေရန်
 လျော်ကြေးပေးခြင်းနှင့် အခြားနည်းလမ်းဖြင့် စီမံဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာက ပြုလုပ်ပေး နိုင်ရေးနှင့်စပ်လျဉ်း၍ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရမည်။ )  ဆိုပြီး သိမ်းယူခံရသော
ပြည်သူများနစ်နာမှုမရှိစေရန် အကာကွယ်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ် ။
ဒီ လုပ်ထုံး လုပ်နည်း ဥပဒေ တွေကို လိုက်နာဆောင်ရွက်တယ်ဆိုလျှင် 

အစိုးရတစ်ရပ် အနေနဲ့ Rule of the law ကို လိုက်နာတယ်လို့ ဆိုရမှာဖြစ်ပါတယ် ။ 


ပြည်သူ့ကိုယ်စားလှယ်များအနေနဲ့ စဉ်းစားခြင်း

  လယ်ယာမြေဥပဒေ ၂၀၁၂ ပြဌာန်းခါ စ ...ထွက်လာတဲ့ အသံတွေကို မှတ်မိနေပါတယ် ။ လယ်လုပ်သူ လယ်မပိုင်ရလို့ justice မဖြစ်ဘူးလို့ ဆိုကြသူတွေလည်းရှိပါတယ် ။ ပြည်သူ့ကိုယ်စားလှယ် ၊ လွှတ်တော်ကိုယ်စားလှယ် တွေဟာ 

တစ်ဦးတစ်ယောက်ချင်းစီ ကို ကိုယ်စားပြု ကြတာမဟုတ်ပါဘူး ။ ပြည်သူအားလုံးကိုကိုယ်စားပြု ကြတာဖြစ်လို့ 
စဉ်းစားကြတဲ့ ခါ ပြည်သူအားလုံးအတွက် စဉ်းစားကြရတာဖြစ်ပါတယ် ။
 ဥပမာ ကျွန်တော်ဟာ လယ်သမား သားသမီးတစ်ယောက်မို့ 
ကိုယ့်လုပ်တဲ့လယ်၊ ကိုယ့်မိဘဘိုးဘွားပေးထားခဲ့ တဲ့လယ်ကို 
ကိုယ့်ဘာကို ဘာပဲ စိုက်စိုက်၊ ဘယ်သူ့ကိုပဲရောင်းရောင်း 
ကျွန်တော့် စိတ်ကြိုက် စီရင်ချင်တာ ဟာ ကျွန်တော့် အတွက်သဘာဝကျပါတယ် ။ 

သို့သော် လူအများကိုကိုယ်စားပြု သူတွေ အနေနဲ့ ကျတော့ 
ကျွန်တော့်စိတ်ကြိုက်ဟာ တခြားတပါးသူတွေကို ဂယက်မရိုက်ဖို့လည်းထည့်စဉ်းစားကြရဦးမယ် ။ 
ကျွန်တော်ဟာ နယ်စပ်တစ်နေရာမှာ မြေပိုင်ဆိုင်တယ်ဆိုပါတော့ 
တခြား နိုင်ငံကို ကျွန်တော်ပိုင်ဆိုင်သောမြေ ကျွန်တော်ရောင်းလိုက်မယ်ဆိုရင် ..အဲဒီမြေဟာ မြန်မာ့မြေပုံထဲက ပါ ပဲ့ပါသွားမှာဖြစ်ပါတယ် ။ 
အဲဒီတော့ ပြည်သူတွေအားလုံးကို လယ်ယာမြေ လုပ်ကိုင်ခွင့် ၊
 ပေါင်နှံခွင့် ၊ ရောင်းချခွင့်ကို သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်း များနဲ့အညီ ခွင့်ပြုထားမယ် ..သို့ပေမဲ့ မြေယာအားလုံးရဲ့ မူလပိုင်ရှင်ဟာ နိုင်ငံတော်ဖြစ်တယ် ဆိုတာကိုတော့ အားလုံးတစ်ပြေးညီပြဌာန်းပေးရတာမျိုးဖြစ်လာပါတယ် ။

နိဂုံး

    ဒီ အကြောင်းရာတွေဟာ ကျွန်တော့် ဦးနှောက်နဲ့ ဥာဏ်မှီသလောက် ၊ ကျွန်တော်လေ့လာမိသလောက် ၊ ကျွန်တော့် ကိုယ်တွေ့ တွေ ပါ ပေါင်းစပ်ပြီး သုံးသပ်ထားတာပါ ။ ကျွန်တော်မမြင် နိုင်တဲ့ အကြောင်းရာများလည်း ရှိကောင်းရှိနေ နိုင်ပါသေးတယ် ။ ဒီအကြောင်းရာတွေမှာ ၊ 

ခုဖြစ်ပျက် နေတဲ့ ပြဿနာတွေ မှာ ဘယ်သူတွေ မှားသလဲ လို့ မေးလာရင် ... ကျွန်တော့်အမြင်တော့ ဘယ်သူမှ မမှားပါဘူးလို့ပဲ ရိုးရိုးသားသားဖြေရပါလိမ့်မယ် ။ 
ခု ဒီကိစ္စ တွေ ဖြစ်နေသလို ၊ နောက်ထပ် လည်း ထပ်ဖြစ်လာဖို့ ရှိနေ လိမ့်ဦးမယ်လို့ ကျွန်တော်ထင်ပါတယ် ။ အားလုံး မမှားဘူးဆိုပေမဲ့ ပြဿနာ ကတော့ ဖြစ်နေပါတယ် ။ 
အဲဒီ အချက်တွေထဲ က နေ ၊ ဒီ အကြောင်းရာတွေ ထဲ ကနေ 
အကောင်းဆုံး ဆိုတဲ့ အဖြေကို ရှာ နိုင်မှသာအဆင်ပြေမှာပါ ။ 

လယ်ယာမြေပိုင်ဆိုင်သူတွေ က လယ်ယာမြေပိုင်ဆိုင်သူလိုတွေး ၊ 
လယ်ယာပိုင်ဆိုင်သူတွေ အတွက်ပဲမြင် ၊ 
တပ်မတော်သားတွေကလည်း တပ်မတော်သားတွေလို တွေး ၊ 
တပ်မတော်သားတွေ အတွက်ပဲ ကွက်မြင်  ၊ 
အစိုးရကလည်း အစိုး၇လိုတွေး အစိုးရလိုမြင် ၊ 
လွှတ်တော်ကိုယ်စားလှည်များကလည်း 
လွှတ်တော်ကိုယ်စားလှယ်လိုတွေး ၊ လွှတ်တော်ကိုယ်စားလှယ်လိုပဲ မြင် ......
အချင်းချင်း တွေ အပြစ်တင်နေလို့ မပြီးပါဘူး ၊ 
ဒါဟာ တစ်ဦးကိုတစ်ဦး  နစ်နာစေမဲ့ စကားတွေ နဲ့ 
တိုက်ခိုက်လိုက်လို့ လည်းပြီးမသွားဘူး ။ 
အဖြေရှာကြရမှာဖြစ်ပါတယ် ။ 
ကျွန်တော်တွေးမိတဲ့ အတွေး စတွေ ကနေ တဆင့် 
စာဖတ်သူ ကိုယ်တိုင်တွေးပြီး ... ပြဿနာရဲ့ အဖြေ ကို 
ကိုယ်တိုင်ထုတ်နိုင်ဖို့ ကျွန်တော် ချန်လှပ်ထားခဲ့ပါတယ် ။

(ရုပ်ဆိုး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...