Sunday, August 18, 2013

မူဝါဒ

အင်္ဂလိပ်လိုတော့ ပေါ်လစီ၊ မြန်မာလို မူဝါဒ ဆိုတာ
စကားလုံးအားဖြင့်သာကြီးကြီးကျယ်ကျယ် ထင်ရတာ၊
ရိုးရိုးလေးပြောရရင် ပြဿနာ ရှာတာနဲ့ ရှင်းတာပါပဲ။

အင်္ဂလိပ် စကားလုံး ၃ လုံးရှိတယ်။
ပေါ်လစီ၊ ပရိုဂရမ်နဲ့ ပရောဂျက် ဆိုတဲ့သုံးလုံး။
မြန်မာလို မူဝါဒ၊ အစီအစဉ်နဲ့ စီမံချက်။
အဲဒီစကားလုံး ၃ လုံးရဲ့ အဓိပါယ်တွေကို သိပြီးသားဖြစ်ကြမှာပါပဲ။
ပြန်နွှေးတဲ့သဘောပေါ့။ အောက်မှာဖော်ပြလိုက်ပါတယ်။

●Policy: generalized approaches or strategies for solving
a particular problem
●မူဝါဒ။ ပြဿနာတစ်ရပ်ကို ဖြေရှင်းဖို့အတွက်၊
ယေဘူယျကျကျချဉ်းကပ်မှု (သို့) မဟာဗျူဟာများ

●Program: specific measures designed to carry out a policy
●အစီအစဉ်။ မူဝါဒတစ်ရပ် ကိုအကောင်အထည်ဖော်ဖို့
လုပ်ဆောင်ထားတဲ့ တိကျတဲ့ ဆောင်ရွက်ချက်အစီအစဉ်။

 ●Project: a temporary endeavor undertaken to achieve a particular aim
●စီမံချက်။ တစုံတရာသော ရည်ရွယ်ချက်တစ်ရပ် ကို
 ဖြည့်ဆည်းပေးဖို့ ယာယီဖွဲ့စည်းဆောင်ရွက်ချက်။

 ဒီတော့ မူဝါဒဆိုတာကို အထက်မှာပြောခဲ့သလို
ပြဿနာ ရှာတာနဲ့ရှင်းတာလို့ လွယ်လွယ်ပဲ နားလည်ထားလိုက်ကြရအောင်။
ဒါပေမယ့် တကယ့်လက်တွေ့ လုပ်တဲ့အခါ
ထင်သလောက်လည်း မလွယ်လှဘူး။

 ပြဿနာ ရှာတတ်ရဲ့လားလို့မေးရင် လူတွေကရယ်ကြမှာပဲ။
မြန်မာပြည်မှာက ပြဿနာတစ်ပုံတစ်ခေါင်းကြီး။
ကြိုက်တာပြော ပြဿနာပဲလို့ ဆိုချင်ကြမှာပေါ့။
ဟုတ်လည်းဟုတ်ပါတယ်။

 ဒါပေမယ့် ပြဿနာရှာရာမှာ ရှင်းဖို့ရှာတာနဲ့
ပြဿနာသက်သက် ရှာနေတာ မတူပါဘူး။

 မူဝါဒဆိုတာ ပြဿနာကိုရှင်းဖို့ ရှာတာဖြစ်ပါတယ်။
အဲဒီလို ရှင်းဖို့ရှာတဲ့ ချဉ်းကပ်မှု၊ ဘယ်ပုံဘယ်နည်းနဲ့ ရှင်းမယ်ဆိုတဲ့
မဟာဗျူဟာတွေဟာ မူဝါဒဖြစ်ပါတယ်....။

 အဖွဲ့အစည်းတိုင်းဟာ မူဝါဒ တစ်မျိုးမျိုးကိုတော့ ချမှတ်ရစမြဲပါ။
တတ်နိုင်သမျှ ကိုယ်မြင်သိသလောက် ထောင့်စေ့အောင်
စဉ်းစားပြီးတော့ လုပ်ကြတာပါပဲ။

အဲဒီလို မိမိကောင်းတယ်ထင်သလို လုပ်ဆောင်ကြရာက
မူဝါဒချမှတ်တာကို ပညာရပ်အနေနဲ့ လေ့လာခဲ့ကြတာ၊
အစိုးရတစ်ရပ် လုပ်ဆောင်သမျှကို ပညာရပ်အနေနဲ့
သင်ကြားတဲ့ဘွဲ့လွန်တက္ကသိုလ်ကြီးတွေတောင် ရှိလာခဲ့ပါတယ်။

အဲဒီလိုပညာရပ်တစ်ရပ်လို ဖြစ်လာခဲ့တဲ့ အတိုင်း၊
မူဝါဒ စဉ်းစားပုံတွေဟာ စနစ်ကျလာတယ်။
သုတေသနတွေအပေါ် အခြေခံလာတယ်။

 အဲသလို လုပ်ဆောင်ကြတာတောင် မူဝါဒ ချမှတ်တဲ့အခါ
အတိမ်းအစောင်းတွေ ရှိကြပါသေးတယ်။
ဒါပေမယ့် တိုးတက်တဲ့နိုင်ငံတွေကို ကြည့်လိုက်တဲ့အခါ
စနစ်တကျ သင်ယူလေ့လာထားသူတွေက
မူဝါဒချမှတ်ရာမှာ အများကြီး အထောက်အကူပေးကြတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံ ပြောင်းလဲတဲ့အခါ အစိုးရ အဖွဲ့အစည်းတွေပဲဖြစ်စေ၊
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေပဲဖြစ်စေ၊
အဖွဲ့တွေဟာ လူထုက သိပ်မျှော်လင့်တဲ့ အဖြစ်ကို ကြုံတွေ့ရတတ်ပါတယ်။

အကူးအပြောင်းတိုင်းလိုလိုမှာ
အသစ်ရွေးကောက်တင်မြျှောက်လိုက်တဲ့ အစိုးရဟာ
သူတို့ကြုံတွေ့ခံစားနေကြရတဲ့ ဆင်းရဲဒုက္ခအပေါင်းက
သူတို့ကိုကယ်တင်ပေးနိုင်လိမ့်မယ်လို့ ယူဆကြပါတယ်။

အဲဒီလို အကူးအပြောင်းကာလ ကြမ်းတမ်းခက်ထန်သမျှကို ရှောင်နိုင်ဖို့၊
မူဝါဒ ပိုင်းဖြားစိတ်ဖြာ သုံးသပ်တဲ့ အလေ့အထတွေရှိဖို့လိုပါတယ်။

ဒါဖြင့် အကူးအပြောင်းကာလမှလား။
ဒီမိုကရေစီ ကူးပြောင်းဖို့ အခြေပျိုး လုပ်ကိုင်နေတဲ့ ကာလမှာကော
မလိုအပ်ဘူးလား မေးစရာဖြစ်လာပါတယ်။

 အဖြေကတော့ သိပ်ကို လိုအပ်ပါတယ်လို့ ဖြေရမှာပါ။
ဘာကြောင့်လဲ။  မူဝါဒ စဉ်းစားပုံဟာ
ကိုယ်ရဲ့ နိုင်ငံရေးလမ်းကြောင်း စဉ်းစားပုံကို
အများကြီး အထောက်အကူ ပေးနိုင်လို့ပါပဲ။

ဒီမိုကရေစီဟာ အလုပ်ဖြစ်ကြောင်းပြသဖို့ အုပ်ချုပ်ရေးကောင်းလိုအပ်ပါတယ်။
မူဝါဒ ပိုင်းခြားစိတ်ဖြာသုံးသပ်ချမှတ်တာ ကောင်းမှ
အုပ်ချုပ်ရေးကောင်းဖြစ်သလို၊ အုပ်ချုပ်ရေးကောင်းရှိမှလည်း
မူဝါဒကို လက်တွေ့ အကောင်အထည်ဖော်တဲ့အခါ
ထိရောက်တတ်ပါတယ်။

မူဝါဒ ပိုင်းခြားစိတ်ဖြာသုံးသပ်တယ်ဆိုတာ တြိဂံ ဆက်ဆံရေးဖြစ်ပါတယ်။
အသိပညာရယ်၊ ဆိုင်ရာ ပညာရှင်ရယ်၊ ဆုံးဖြတ်ချက်ချသူရယ်ဆိုတဲ့
ဖိုခနောက်ဆိုင် တြိဂံဆက်ဆံရေးဖြစ်ပါတယ်။
သုံးဘက်ပတ်လည် ဟန်ချက်ညီမှ မူဝါဒ ကောင်းတစ်ရပ်ဖြစ်နိုင်ပါတယ်။

မူဝါဒ ပိုင်းခြားစိတ်ဖြာသုံးသပ်တဲ့ အလေ့အထ ဖွံ့ဖြိုးမှလည်း
ဖွဲ့ဖြိုးတိုးတက်ရေးက ခုန်ပျံကျော်လွှား တက်သွားနိုင်တာပါ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...