Monday, August 26, 2013

အထက်ပစ္စယံ နှင့် အမျိုးသမီး



 ရိုသေစွာလျှောက်ထားအပ်ပါသည်။ သမီး ၆ တန်းနှစ်က မိသားစုနှင့်အတူ ရွှေတိဂုံဘုရားကို သွားတော့ဖေဖေနှင့် ကိုကိုတို့က အထပ်ပစ္စယံကို တက်သွားကြပါသည်။
 မေမေနှင့် သမီးက အောက်မှာ ကျန်နေခဲ့ရပါသည်။

အပေါ်ကိုလိုက်ဖို့ ပူဆာတော့ သမီးက မိန်းကလေးဖြစ်လို့ အပေါ်ကို တက်လို့ မဖြစ်ဘူး။
 ငရဲကြီးလိမ့်မယ် လို့ မေမေကပြောတယ်။

ကျိုက်ထီးရိုးဘုရားကို သွားတုန်းကလည်း ထူးဆန်းမြင့်မြတ်တဲ့
 ကျောက်တုန်းကြီးကို ကိုင်ပြီး အဓိဋ္ဌာန်ချင်တာ မိန်းကလေး ဖြစ်နေလို့ မ၀င်ခဲ့ရပါဘူး။

စိတ်ထဲ အားမလို အားမရ ဖြစ်မိပါတယ်ဘုရား။
 တပည့်တော်အနေနဲ့ ရွှေတိဂုံဘုရား အထက်ပစ္စယံကို တက်ပြီး
 ပုတီးစိပ်လိုစိတ် အလွန်ပြင်းပြစွာ ဖြစ်ခဲ့ဖူးပါသည်။
 အဘယ့်ကြောင့် ဗုဒ္ဓဘာသာမှာ အမျိုးသမီးတွေကို အဲသလို ခွဲခြား ဆက်ဆံရပါသနည်း။

မြင့်မြတ်တဲ့နေရာတွေကို အမျိုးသမီးတွေ တက်ရင် ငရဲကြီးတယ်လို့ မြတ်စွာဘုရားဟောထားတာ ရှိပါသလား။ ရှင်းပြပေးစေလိုပါသည်ဘုရား။

 - နန္ဒာဖူးပွင့်လှိုင်



ငလျင်လှုပ်ရတဲ့ ဗုဒ္ဓသင်္ကန်း
 
ငရဲကြီးဖို့ ကျား/မ မခွဲခြားပါဘူး။ စိတ်ထားသာ အဓိကပါ။

ဘုရားပေါ်ကို တက်ရုံနဲ့ ငရဲကြီးတယ်ဆိုရင် ယောက်ျားတွေ တက်လဲ ငရဲကြီးရမှာပေါ့။

အထက်ပစ္စယံပေါ်မှာ ရည်းစားနဲ့ ချိန်းတွေ့ပြီး ဘုရားဖူးတွေ မျက်စိကျိန်းအောင် လုပ်ရင်တော့ ဘယ်သူမဆို ငရဲကြီးမှာပါပဲ။ အမျိုးသမီးတွေကို ရဟန်းဝတ်ခွင့် (ဘိက္ခုနီမ) ခွင့်ပြုတာ၊ အဂ္ဂသာဝိကာ (အမြတ်ဆုံးဘွဲ့) ပေးတာ၊

အမျိုးသမီး ရဟန္တာဖြစ်ရင် အမျိုးသားရဟန္တာနဲ့ တန်းတူ လောကရဲ့ ပူဇော်အထူးကို ခံထိုက်တာတွေဟာ

ဗုဒ္ဓဘာသာမှာ မိန်းမ/ယောက်ျား မခွဲခြားလို့ပဲပေါ့။

ဗုဒ္ဓဒေသနာတော်အရ အယုတ်/အမြတ် ဆိုတာ ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ အသားအရောင်၊ ဇာတ် ဆိုတာတွေနဲ့ မပတ်သတ်ဘူး။ မြတ်စွာဘုရားက သေပြီးပုတ်ဆွေးနေပြီ ဖြစ်တဲ့ ပုဏ္ဏာလို့ခေါ်တဲ့ ကျွန်မရဲ့ အလောင်းကို ပတ်ထားတဲ့ ပိတ်စကို ကိုယ်တိုင် ခွာယူ၊ မြတ်ထဲမှာ ကိုယ်တော်တိုင် လျှော်ဖွပ်ပြီး ကိုယ်တိုင် သင်္ကန်းချုပ် ဆိုး ၀တ်ရုံတော်မူပါတယ်။

ပိတ်စကို အလောင်းကောင်က ခွာစဉ်မှာ မြေကြီးက အံ့ချီးပြုတဲ့ အနေနဲ့ ငလျင်တောင် လှုပ်သတဲ့။

အဲဒီသင်္ကန်းဟာ အမွန်မြတ်ဆုံးလဲ ဖြစ်သတဲ့။
 
ပုဏ္ဏဟာ ကျွန်းလည်းဖြစ်တယ်၊ မိန်းမလည်း ဟုတ်တာပဲ။

ဗုဒ္ဓက သကျမျိုး၊ မင်းသား၊ တစ်လောကလုံးရဲ့ အမြတ်ဆုံးပုဂ္ဂိုလ်။

ဗုဒ္ဓဟာ ပရမတ္ထ၀ါဒီ၊ (အရှိကို အရှိအတိုင်း မြင်တဲ့ပုဂ္ဂိုလ်) အစစ်ပါ။

ဒါကို သတိပြုမိရင် အမျိုးသမီးတွေ ဘုရားငြမ်းပေါ် မတက်ရဆိုရင် ဆီလျော်တဲ့ ယုတ္တိရှိပေမယ့်

အမျိုးသမီး ရွှေတိဂုံဘုရား အထက်ပစ္စယံကို မတက်ရဆိုတာမျိုး အတွက်တော့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိနိုင်ပါဘူး။
 
ဝိရောဓိအမြင်
 
ဗုဒ္ဓ၀ါဒရှုထောင့်အရ ယောက်ျား တက်ခွင့်ရတဲ့ ဘုရားပေါ်ကို မိန်းမတက်လည်း ငရဲမကြီးဘူးလို့ မှတ်ထားပါ။
 အမျိုးသမီးများ မတက်ရဆိုတဲ့ ကန့်သတ်ချက်ဟာ ရိုးရာစွဲကို အခြေခံနိုင်သလို
 ရတနာသုံးပါးကို လေးစားလွန်းရာကနေ ပြောင်းလဲသွားတဲ့ အယူအဆလည်း ဖြစ်နိုင်တယ်။

စေတီဘုရား စတဲ့ နေရာအချို့မှာ မိန်းမမတက်ရ၊ မ၀င်ရဆိုတာဟာ
 ယုံကြည်စွဲလမ်းမှု အခြေခံနဲ့ ရာစုနှစ်တွေချီပြီး ကြာနေပြီဖြစ်တဲ့ တားမြစ်ချက် ဖြစ်ပါတယ်။

မိန်းမတွေ တက်လို့၊ ၀င်လို့ မရှေးမနှောင်းမှာ တိုက်ဆိုင်မှု ဆိုးကျိုး တစ်ခုခု ဖြစ်ရင် ဒါကြောင့်ပဲလို့ ယိုးမယ် စွဲကြမှာပါပဲ။


ဒါ့ကြောင့် အမျိုးသမီးတွေ တက်ခွင့်ရဖို့ အရေးဆိုမယ် ဆိုရင်တောင်
 လူတွေ နားလည် လက်ခံအောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရပါလိမ့်အုံးမယ်။
 ကျား/မ မခွဲခြားဘူးဆိုတဲ့ အမေရိကမှာတောင် အမျိုးသမီး သမ္မတဖြစ်ဖို့ မလွယ်သေးဘူး။

အမေရိကန် ပြည်တွင်း လေယာဉ်တွေကို ဗုဒ္ဓဘာသာ ရဟန်းတော်တွေ စီးရင်
 များသောအားဖြင့် အထူးစစ်ခန်းကို သွားရသေးတာပါပဲ။

ခြားနားတဲ့ ယဉ်ကျေးမှုကြောင့် အမြင်မတူလို့ ယောက်ျားဖြစ်ရက်နဲ့ အဲဒီလို ခွဲခြား ဆက်ဆံ ခံရသေးတာပဲ။

အချိန်ကို စောင့်ပါအုံး။ ထေရ၀ါဒအမြင်နဲ့ ခေတ်ပညာတက် လူငယ်တွေ
ဘုရားဂေါပကလူကြီး ဖြစ်လာချိန်မှာ ရွှေတိဂုံဘုရား အထက်ပစ္စယံပေါ် အမျိုးသမီးတွေ ပုတီးစိတ်ခွင့် တရားထိုင်ခွင့် ဘာဝနာပွားခွင့် ရကောင်း ရပါလိမ့်မယ်။

 ခြားနားချက်

 ယုတ်မြတ်ဟူက ဤလောက၌
 မိန်းမယောက်ျား သဘောအားဖြင့်
 ခြားနားမရှိ သားချစ်သိလော့
 သတိပညာ အရင်းသာတည်း။

(မဃဒေ၀၊ ပိုဒ် - ၃၁၄)


အရှင်ကေလာသ (M.A) ဓမ္မအမေးအဖြေများ စာအုပ်မှ...
ရွေးချယ် တင်ပြထားပါသည်။ ဘာသာရေးနှင့် ပတ်သတ်၍ အသေးစိတ်သိလိုသော အမျိုးကောင်းသား အမျိုးကောင်းသမီးများ စာအုပ်ကိုရှာ၍လည်း လေ့လာနိုင်ပါသည်။ အကယ်၍ စာအုပ်အခက်အခဲ ရှိပါက မိမိသိလိုသော အချက်အလတ်များကို ဦးဇင်းထံသို့ မေးမြန်းနိုင်ပါကြောင်း။


အရှင်သာသန (မုံရွာ)


1ashinsasana@gmail.com


- https://www.facebook.com/excellencenews

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...