Thursday, August 1, 2013

စစ်အစိုးရကိုမုန်းတီးလို့

စစ်အစိုးရကိုမုန်းတီးလို့ စစ်စိုးရကိုဆန့်ကျင်သူမှန်သမျှသည် "အမှန်တရားဘက်တော်သားများ ဧကန်မုချဖြစ်သည်" ဆိုတဲ့ လော့ဂျစ်ဟာ နိုင်ငံရေးအတိုက်အခံတွေမှာ စိမ့်ဝင်နေတတ်တာကိုတွေ့ရတယ်။အဲ့ဒီ မုန်းသောကြောင့်လိုက်တဲ့အဂတိ နဲ့ ချစ်သောကြောင့်ဖြစ်တဲ့အဂတိ တွေကြောင့် တစ်ခါတစ်ခါ တော်တော်လေး ရီချင်စရာကောင်းလောက်အောင် ကလေးဆန်တဲ့ စကားတွေ ထွက်ထွက်လာတတ်တာကိုတွေ့ရပါတယ်။

ဘယ် အဂတိ ကိုပဲလိုက်လိုက် အဲ့လိုလိုက်ပြီးပြောနေရင် ခံစားချက်နဲ့သွားနေရင် တစ်ကယ့် Facts တွေကနေ ဝေးကွာသွားတတ်ပါတယ်။
Facts တွေနဲ့ဝေးကွာပြီးပေးတဲ့မှတ်ချက်တွေဟာလဲ လက်တွေ့အဖြေနဲ့ နီးစပ်မှုဝေးတတ်ပါတယ်။

ဥပမာ (၁) ။ ။ စစ်အစိုးရကို မုန်းလို့ ဆဲရေးတိုင်းထွာနေတာတွေဟာ ကောင်းပါတယ်လို့ ပြောတတ်ကြတယ်။ ယုတ်စွအဆုံး ယုတ်ကန်းတဲ့အမှုတွေကိုစစ်အစိုး၇ကို မုန်းလို့ကျူးလွန်တယ်ဆိုရင်တောင် နားလည်ပေးသင့်တယ်လို့ပြောတတ်ကြပါတယ်။

ဒါဆိုရင် ဒီကိစ္စကို ဥပမာထားပြီး စဉ်းစားကြည့်ရအောင်။ စစ်အစိုးရကို မုန်းလို့ ပုန်ကန်လိုစိတ်များနေတဲ့ သူတစ်ဦးက ကိုယ့်အိမ်က ဘုရားစင်ကို တော်လှန်ရေးစိတ်များနေလို့ ရိုက်ခွဲသွားတယ်ဆိုရင် လက်ခံနိုင်မလား။ စဉ်းစားစေချင်ပါတယ်။
နေရာတကာမှာ သူ့စည်းနဲ့သူရှိကြပါတယ်။ အဲ့ဒီ လူ့ဘောင်စည်းမျဉ်းတွေ (Fabric of Society) ကို ချိုးဖျက်တာတွေဟာ လက်ခံသင့်တဲ့အရာဟုတ်ပါ့မလား။စစ်အာဏာရှင်တွေအနေနဲ့သူတို့ရဲ့ အာဏာကို အစွမ်းကုန်အသုံးချပြီး တစ်ဖက်သားအပေါ်ကျူးလွန်တာတွေဟာ ဒုစရိုက်မှုဖြစ်တယ်။ ဒီဒုစရိုက်မှုတွေကို မကျေနပ်လို့ ကိုယ်ပါ ဒုစရိုက်မှုကျူးလွန်မလား။ ရလာဒ်ကတော့ အကောင်းတွေထွက်လာမှာမဟုတ်ပါဘူး။

ရလာဒ်ကောင်းကောင်းလိုချင်ရင် အဲ့ဒီရလာဒ်ရရှိဖို့အကြောင်းတရားတွေကို ကောင်းမွန်စွာပြုလုပ်ရုံပါပဲ။ ကိုယ့်ကိုယ်ကို စည်းကမ်းသတ်မှတ်ပြီး အဆင့်အတန်းမြင့်စွာနေထိုင်ကျင့်ကြံတာဟာ အာဏာပိုင်ကိုကြောက်တာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို တန်ဘိုးထားတာဖြစ်တယ်၊ ကိုယ့်လူမှုပတ်ဝန်းကျင်ကို အကျိုးဆောင်နေတာဖြစ်တယ်ဆိုတာမျိုးကို နားလည်ထားတတ်ဖို့လဲ အရေးကြီးပါတယ်။

ဥပမာ (၂) ။ ။ ကချင်ဒေသမှာဖြစ်နေတဲ့ စစ်ပွဲတွေအပေါ် စစ်မြေပြင်မှာ အပြန်အလှန်သတ်ဖြတ်ကြတယ်။ အပြိုင်အဆိုင်ဝါဒဖြန့်ကြပါတယ်။ စစ်အာဏာပိုင်ဟာ ၁၉၆၂ကတည်းက အာဏာသိမ်းပြီး တိုင်းရင်းသားတွေအပေါ် ကျူးလွန်ခဲ့သော ရာဇဝင်နဲ့မို့ ကချင်စစ်တပ်က ကျူးလွန်တာတွေဟာလက်သင့်ခံသင့်တယ်ဆိုတဲ့ လော့ဂျစ်ကိုလဲ အပေါ်က ဆိုထားတဲ့အဆိုနဲ့ ခပ်ဆင်ဆင်တွေ့ရပြန်ပါတယ်။

အပြစ်မဲ့အရပ်သားတွေကို စစ်တပ်က ရက်စက်စွာနှိမ်နင်းတာ၊ ပေါ်တာဆွဲစေခိုင်းတာတွေဟာ ရာဇဝတ်မှုမြောက်ပါတယ်။ ထိုနည်းတူ ကလေးစစ်သားတွေကို သုံးစွဲတာလဲ ရာဇဝတ်မှုမြောက်ပါတယ်။ နောက်ပြီး သုံ့ပန်းစစ်သားတွေကို ဗီဒီယိုရိုက်ပြီး သိက္ခာကျအောင်လုပ် ဝါဒဖြန့်တာဟာလဲ ဂျနီဗာကွန်ဗန်းရှင်းအရ ဥပဒေနဲ့ဆန့်ကျင်ဖက်ပါပဲ။ စစ်သားအတင်းအဓမ္မစုဆောင်းခြင်းဟာလဲ ဥပဒေနဲ့ဆန့်ကျင်တာပါပဲ။

ဒီအမှုတွေကို ကျူးလွန်သူမှန်သမျှ Against The Law ဆိုတာကို မြင်တတ်ရပါမယ်။ Law ဆိုတာ Geneva Conventions မှာပါတဲ့ နိုင်ငံတကာဥပဒေကို ကိုးကားပါတယ်။ ကျနော်တို့အမြင်မှာ ဘယ်သူ၊ဘယ်ဝါက ဆိုတာထက် ဘာအမှုကို ကျူးလွန်တာလဲဆိုတာကို ပိုမြင်တတ်ရပါမယ်။ ဘယ်သူက ကျူးလွန်တယ်ဆိုတာထက် ဘယ်သူဖြစ်ဖြစ် ကျူးလွန်သူဟာ ဥပဒေချိုးဖောက်သူ ဆိုတာ ကို ပိုပြီးမြင်တတ်ရမှာဖြစ်ပါတယ်။ ဒါမှ အမြင်ဟာ ဓမ္မဓိဌာန်ကျမှာဖြစ်တယ်။

ဓမ္မဓိဌာန်ကျတဲ့ အမြင်တွေကို ရမှ အမြင်ကြည်လင်မှာဖြစ်တယ်။ အဖြေကိုရှာနိုင်ပါလိမ့်မယ်။

ရပ်တည်သင့်တဲ့အမြင်က စစ်ရေးပဋိပက္ခဖြစ်နေတဲ့နှစ်ဖက်အနက် တစ်ဖက်ဖက်ကို ရပ်တည်ဖို့ထက် စစ်ဘေးဒဏ်သင့်ပြည်သူတွေအတွက် စစ်တိုက်နေတဲ့သူတွေကို ဟန့်တားတာမျိုးက ပိုသင့်တော်မယ်ထင်တာပါပဲ။ "My standing is against armed conflicts regardless of their background" ဆိုတာမျိုးပေါ့။

ဘာရပ်မဟုတ်ပါဘူး။ တွေးမိတာလေးပေါ့။ တစ်ခုခုဆို အဖြူနဲ့အမည်း သာရှိတယ်ဆိုတဲ့ လော့ဂျစ်နဲ့သွားလေ့ရှိတာကို တွေးမိတဲ့အခါ ဒါကိုရေးဖြစ်တယ်။

- Myo Set

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...