အထပ်မြင့် တိုက်တစ်လုံး၏ ခေါင်မိုးပေါ်တွင် တောင်ပေါ်စံနန်းတစ်ခု
တည်ဆောက်ထားသည့် တရုတ်နိုင်ငံသား တစ်ဦး အနေဖြင့်
၎င်း၏ လက်ရာကို ပြန်လည် ဖျက်သိမ်းရရန် နီးစပ်နေကြောင်း သိရှိရသည်။
ဘေဂျင်းတွင် နေထိုင်ပြီး မီဒီယာများက ပရော်ဖက်ဆာဇန်ဟုသာ
အမည်ဖော်ပြသူ တစ်ဦးသည် အထပ်မြင့် တိုက်တစ်လုံး၏
အမိုးပေါ်တွင် (၂)ထပ်အမြင့်ရှိ တောင်ပုံသဏ္ဍန် ဗိမာန်
အဆောက်အအုံ တစ်ခုကို တိုးမြှင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
စိတ်ကူးကောင်းသော ဇန်သည် အဆိုပါ တည်ဆောက်မှုကို
တောင်စောင်းတစ်ခုသဖွယ် ပုံသဏ္ဍန်ချ ဖန်တီးထားသည်။
Beijing Morning Post သတင်းစာက မြို့လယ်တွင်
တည်ဆောက်ထားသော ဗိသုကာ လက်ရာကို
တောင်ပေါ်စံနန်း တစ်ခုသဖွယ် ညွှန်းဆိုခဲ့သည်။
ဇန်သည် (၂၀၀၇)ခုနှစ်က အဆောက်အအုံ၏ အပေါ်ဆုံးအဆင့် (၂၆)ထပ်ကို ဝယ်ယူခဲ့ပြီးနောက် အမိုးပေါ်တွင် ယင်းတည်ဆောက်မှုကို စတင်ခဲ့သည်။
(၆)နှစ် ကြာမြင့်ခဲ့ပြီးနောက် ကျောက်ဆောင်ဥယျာဉ် တစ်ခုသဖွယ် ရုပ်လုံးပေါ် လှပလာသော နေရာသည် ယခုအခါ ဖျက်သိမ်းခံရရန် နီးစပ်နေပြီ ဖြစ်သည်။
ကျောက်ချွန်းများ၊ ခြုံနွယ်များဖြင့် သဘာဝဆန်ဆန် ဖန်တီးထားသော
အဆောက်အအုံသည် လုံခြုံရေး စံနှုန်းများနှင့် မညီဘဲ ဖြစ်နေကြောင်း သိရသည်။ အောက်ထပ်တွင် နေထိုင်သူများက ထုရိုက်သံများ
ဆူညံကြောင်း တိုင်ကြားခဲ့သလို တိုက်ခန်းအချို့တွင် အမိုးအက်မှုများ၊ ရေစိမ့်မှုများပါ ဖြစ်ပေါ်လာသည်။
အချို့သည်လည်း တိုက်ခန်းများမှ ပြောင်းရွှေ့သွားကြောင်း
သတင်းများက ဖော်ပြခဲ့သည်။
ဘေဂျင်း မြို့ခံတစ်ဦးက "သေချာတာကတော့ တရားဝင် ခွင့်ပြုချက် မရဘဲ
ဆောက်လုပ်ခဲ့တယ် ဆိုတာပဲလေ"ဟု ဆိုသည်။
ဘေဂျင်း မြူနီစီပယ် အဖွဲ့အနေဖြင့် အဆောက်အအုံထိပ်တွင်
တည်ရှိနေသော နေရာကို မည်သို့မည်ပုံ ဖြိုချရမည်ကို
စဉ်းစားမရ ဖြစ်နေဆဲဟု သိရသည်။
ဗြိတိန်မှ အိမ်ရာဆောက်လုပ်မှု ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ
ပေါလ်ဂါရတ်က ဘေဂျင်း အာဏာပိုင်များ အနေဖြင့် ယင်းကို ဖျက်ဆီးသင့်ကြောင်း ထောက်ခံခဲ့သည်။
"မြင်သာတဲ့ စိုးရိမ်စရာ အချက်ကို အရင်ဆုံး ကြည့်ရအောင်။
အောက်ထပ်မှာ နေသူတွေဟာ သူတို့ရဲ့ အထက်မှာ
ဝန်အားအပိုကြီး တင်ထားရပါတယ်။
တခြား သက်ရောက်မှုတွေလည်း ရှိသေးတယ်။
နောက်တစ်ချက်က တန်ချိန် အများကြီးရှိတဲ့ ကျောက်စိုင်ခဲတွေကို
ချိတ်ဆက်မှု နည်းနည်းလေးနဲ့ အမြင့်ကြီးမှာ တင်ထားတာ
စိုးရိမ်စရာပဲလေ"ဟု ပေါလ်က ရှင်းပြသွားသည်။
- Planet
0 comments:
Post a Comment