ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားသော အိန္ဒိယစစ်ဘက် ရေငုပ်သင်္ဘော
တစ်စင်းတွင် ရေတပ်သား (၁၈)ဦးမျှ ပိတ်မိနေသည့် အခြေအနေအတွက် တာဝန်ရှိသူများက စိုးရိမ်နေကြောင်း သိရှိရသည်။
အင်္ဂါနေ့ ညသန်းခေါင်က မွမ်ဘိုင်းရှိ သင်္ဘောကျင်းတစ်ခုတွင်
ဆိုက်ကပ်ထားစဉ် ရေငုပ်သင်္ဘောပေါ်
၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
သင်္ဘောကျင်း အချို့နေရာများကိုပါ ကူးစက်ခဲ့သည့်မီးကို နာရီပေါင်း
အတန်ကြာ ကြိုးစားပြီးမှ မီးသတ်တပ်ဖွဲ့က ငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှု ဖြစ်ပွားသော ရေငုပ်သင်္ဘောသည် ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး ၎င်းသည် သတ်မှတ်နေရာတွင် တစ်ဝက်တစ်ပျက် ရေငုပ်လျှက်သား ရှိနေဆဲဖြစ်သည်။ ဗုဒ္ဓဟူးနေ့တွင် ကယ်ဆယ်ရေး ဝန်ထမ်းများသည် အဆိုပါ နေရာတွင် စတင်စုရုံးနေပြီဟု သိရှိရသည်။
မီးလောင်မှု ဖြစ်ပွားသည့်နောက် ရေတပ်သား အများအပြားသည်
ဘေးလွတ်ရာသို့ ထွက်ပြေးနိုင်ခဲ့ပြီး အချို့ကမူ ဒဏ်ရာအနည်းငယ် ရရှိကာ ဆေးရုံ တင်ပို့ခဲ့ရကြောင်း အိန္ဒိယ သတင်းဌာနများက ဖော်ပြခဲ့သည်။ INS ဆင်ဟူရက်ရှက် ရေငုပ်သင်္ဘောပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ အိန္ဒိယ ရုပ်မြင်သံကြား သတင်းဌာနများက ကောင်းကင်ယံသို့ ထိုးတက်သွားသည့် မီးလုံးကြီး၏
ပုံကို ဖော်ပြခဲ့သည်။ ထို့အပြင် မြို့အနှံ့အပြားမှလည်း သင်္ဘောကျင်းမှ မီးခိုးလုံးများကို တွေ့ရှိခဲ့ရသည်။
ယခုဖြစ်ရပ်ကို စုံစမ်းရန် ရေတပ်က ချက်ချင်းလုပ်ဆောင်နေပြီ ဖြစ်သည်။ "သင်္ဘောပေါ်မှာ လူတချို့ ပိတ်မိနေပါတယ်။ သူတို့ကို ကယ်ထုတ်ဖို့ ဦးစားပေး ကြိုးစားနေတယ်။ ပိတ်မိသူ အရေအတွက်က (၁၈)ယောက်
လောက်လို့ မှန်းထားတယ်"ဟု ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ပီဗီအက်စ် တာဆစ်ရှ်က Reutersသို့ ပြောကြားခဲ့သည်။ ၎င်းက "သူတို့ကို ကယ်မထုတ်နိုင်မချင်း ကျွန်တော်တို့ အလျှော့မပေးပါဘူး"ဟုလည်း ဆိုသည်။ AFPသတင်းဌာနက ရေတပ်တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ ရေငုပ်သင်္ဘောအတွင်း ဝင်ရောက်ရန် ရေငုပ်သမား
များကို တာဝန်ပေးထားကြောင်း ဖြေကြားခဲ့သည်။
INS ဆင်ဟူရက်ရှက်သည် 10 Kilo-Class သတ်မှတ်ချက်အဆင့်ရှိ
ရေငုပ်သင်္ဘော တစ်စင်းဖြစ်သည်။ အိန္ဒိယ ရေတပ်သည် (၁၉၈၆)နှင့် (၂၀၀၀)ပြည့်နှစ် အတောအတွင်း ရုရှားလုပ် Club-S ခရုစ်ဒုံးကျည်များ တင်ဆောင်နိုင်သည့် အဆိုပါ သင်္ဘောကို ဝယ်ယူခဲ့သည်။ ယမန်နှစ်က အဆိုပါ ရေငုပ်သင်္ဘောတွင် နည်းပညာ အဆင့်မြှင့် မွမ်းမံမှုများ ပြုလုပ်ရန် ရုရှားသို့ ခေတ္တ ပြန်ပို့ပေးခဲ့သေးသည်။ (၂၀၁၀)ပြည့်နှစ်၊ ဖေဖော်ဝါရီလက အဆိုပါ ရေငုပ်သင်္ဘောပေါ်တွင် ဘက်ထရီအခန်း မီးလောင်မှုကြောင့်
ရေတပ်သားတစ်ဦး သေဆုံးခဲ့ဖူးသေးကြောင်း သိရှိရသည်။
Planet Myanmar Network
0 comments:
Post a Comment