Tuesday, August 13, 2013

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ချိန် သက်တမ်းတိုးရန် ထိုင်းအစိုးရ အတည်ပြု


ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ တရားဝင် ဖြစ်လာစေရန်
ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့် အား ထိုင်းအစိုးရမှ
တစ်နှစ်ထပ်မံ သက်တမ်းတိုးပေးလိုက်သည်ဟု ဘန်ကောက်အခြေစိုက်
ရွှေ့ပြောင်း အလုပ်သမား လုပ်ငန်းအဖွဲ့ (Migrant Working Group)မှ
 ပြောရေးဆိုခွင့်ရှိသူ ဦးစောခူ က Dawei Watch သို့ ပြောကြားသည်။

နှစ်ဆန်းပိုင်းမှစ၍ မြန်မာရွှေ့ပြောင်းအလုပ်သမား အားလုံး
ယာယီနိုင်ငံကူးလက်မှတ်ကို အချိန်မီပြုလုပ်ရန် သက်တမ်း ခုနစ်လပေးထားခဲ့ရာ
သြဂုတ်လ ၁၁ရက်တွင် အချိန်ပြည့်ခဲ့သော်လည်း
မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်သိန်းခန့် ကျန်ရှိသေးသဖြင့်
ပြုလုပ်ချိန် ထပ်မံတိုးပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုဝန်ဆောင်မှုပေးနေသည့် ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်သည့်
စခန်း ၁၁ ခုအစား ငါးခုသာ ကျန်တော့ မည်ဖြစ်ကြောင်း
အလုပ်သမားအများစုရှိသည့် ဒေသများတွင်သာ
စခန်းများထားရှိတော့မည်ဟု သိရသည်။

“နယ်စပ်က စခန်းတွေကို ဖျက်သိမ်းပြီးတော့ အတွင်းပိုင်းမှာပဲ
ထားမယ်ထင်တယ်”ဟု ဦးစောခူက မှတ်ချက်ပေးသည်။

ဆက်ဖွင့်ထားမည့် စခန်းနေရာ ငါးခုအတွက် နှစ်နိုင်ငံ အစိုးရ၏
ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း သိရသည်။

ပင်လယ်ငါးဖမ်းလုပ်ငန်းတွင် လုပ်ကိုင်နေကြသော သက်သေအထောက်အထားမဲ့ အလုပ်သမားများအတွက် တစ်နှစ်အတွင်း အလုပ်သမားကတ် နှစ်ကြိမ် လုပ်နိုင်ရန် ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။

ထိုအလုပ်သမားကတ်သည် ယာယီ နိုင်ငံကူးလက်မှတ် မဟုတ်ဘဲ ထိုင်းအလုပ်သမားရှာဖွေရေးဌာနမှ ထုတ်ပေးသော
ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် လက်မှတ်သာဖြစ်ပြီး
သက်တမ်းတစ်နှစ်သာ ပေး ထားသည်။

အလုပ်သမားအရေအတွက် လူထုအခြေပြု အဖွဲ့အစည်းများအား
အရည်အချင်းမြှင့်တင်မှု သင်တန်းပေးနေသည့် ဒေါက်တာမင်းသော်ထွန်းကလည်း 
“ခုလည်း တစ်နေ့တခြား နယ်စပ်ဂိတ်တွေကနေ တရားဝင် အနေအထားနဲ့
ပြန်ဝင်လာနေကြတာ ၀င်လာမစဲ တသဲသဲပေါ့”ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား
သုံးသန်းခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

-  Mizzima

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...