Wednesday, August 14, 2013

1,2,3 လို့ ဘာလို့ မရေးကြသလဲ



အထက်တန်းကျောင်းသားဘ၀က သိုင်းဝတ္ထုတွေ သိပ်ဖတ်ဖြစ်တယ်..။

မှတ်မိနေသေးတဲ့ ၀တ္ထုတစ်ပုဒ်ထဲမှာ ရောင်စုံရွက်လှေပိုင်ရှင်ဆိုတဲ့
သိုင်းအကျော်အမော်ကြီးက သိုင်းလောကရဲ့  ရှိရှိသမျှသိုင်းကွက် အားလုံးကို
တတ်တယ်လို့ ဆိုတယ်..။

ဇာတ်လမ်းအရ ချယ်ရီကျွန်း(ဂျပန်)က လူမျိုးခြားသိုင်းသမားတစ်ယောက်က ပြည်မကြီးသိုင်းလောကက..
အတော်ဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေကို လာစိန်ခေါ်ပြီးချတယ်..။
မင်းသားရဲ့  ဆရာမရှုမလှခံရပေမယ့် ဂျပန်က ပညာအရ သရေပွဲလို့ သတ်မှတ်ပြီး.. နောင်ဆယ်နှစ်ကြာရင် မကျေပွဲနွှဲမယ်ဆိုပြီး ပြန်သွားရော..။

အဲ့ဒီမှာ သိုင်းလောကကြီးတစ်ခုလုံး စိုးရိမ်တကြီးနဲ့ ဂျပန်ငနဲ
နောက်တစ်ခေါက် ပြန်လာရင်.. ရင်ဆိုင်ဖို့ လူရှာရတော့တယ်..။
နောက်ဆုံးတော့ မင်းသားဟာ အပေါ်က ပြောခဲ့တဲ့
ရောင်စုံရွက်လှေပိုင်ရှင်ဆိုတဲ့ သိုင်းဂုရုနဲ့ တွေ့ကရော ဆိုပါတော့..။

အဲသလိုနဲ့ မင်းသားလဲ.. ရောင်စုံရွက်လှေပိုင်ရှင်ဆီက ပညာကုန်ရလိုက်ပါလေရော..။

သို့သော်.. ချယ်ရီကျွန်းကသိုင်းသမားကို ရင်ဆိုင်ဖို့က အဲသလောက်နဲ့ မလုံလောက်ဘူး.. ဆိုပဲ။ မင်းသားအနေနဲ့ ချယ်ရီကျွန်းကငနဲကို နိုင်ချင်ရင် သူသင်ထားသမျှ သိုင်းကွက်တွေကို မေ့ပစ်နိုင်မှ ဖြစ်မယ် တဲ့..။

သူတတ်ထားသမျှ သိုင်းကွက်တွေကို စိတ်ထဲမှာ စွဲနေသေးသမျှ..
သူ့လှုပ်ရှားမှုတွေဟာ အကန့်အသတ်နဲ့ ဘောင်ခတ်ထားသလို ဖြစ်နေပြီး
အထွဋ်အထိပ်-အကန့်အသတ်မဲ့ သိုင်းပညာစွမ်းကို
မဖော်ဆောင်နိုင်ဘူးလို့ စာရေးဆရာက ကွန့်တယ်..။

ဒါကြောင့် မင်းသားခမျာ့.. သင်ထားသမျှသိုင်းကွက်တွေကို ပြန်မေ့ပစ်ရ ပြန်တယ်..။

နောက်ဆုံးတော့ ဆယ်နှစ်ပြည့်လို့ ဂျပန်ငနဲလည်း ပြန်လာရော.. မင်းသားက ဘာသိုင်းကွက်မှန်းမသိတဲ့အကွက်နဲ့ စိတ်ထဲပေါ်သလို ချလိုက်တာ နိုင်ရော.. တဲ့ဗျာ.. ဟဲဟဲ..။

စာရေးဆရာက.. ဘာကို တွေးမိလို့.. အဲသလို ရေးမှန်းမသိပေမယ့်..
ကျွန်တော်တို့စိတ်ထဲမှာ ရှိနေတဲ့ အခုအခံ-အစွဲအလမ်းတွေဟာလဲ
အလားတူသဘောသဘာဝ ရှိတာ ဆင်ခြင်မိလို့ ပါ..။

ကျွန်တော်တို့ရဲ့  အတွေးအမြင်သိုင်းကွက်တွေ အထွဋ်အထိပ်မရောက်တာ- မလွတ်မလပ်ဘောင်ခတ်ကန့်သတ်ခံရတာဟာ အဲ့ဒီ အခုအခံ-အစွဲအလမ်းတွေက
အဓိက တရားခံလို့ ဆိုနိုင်တယ်..။

---------------------------------------------

ဗြိတိသျှလူမျိုး စိတ်ပညာရှင် '' ပီတာဝပ်ဆန် '' က ကျောင်းသားတစ်စုကို 2,4,6 ဆိုတဲ့ ကိန်းစဉ်တစ်ခုချပေးလိုက်တယ်..။ ပြီးမှ.. အဲ့ဒီကိန်းစဉ်ရဲ့  ထူးခြားချက်ကိုရှာပြီး အလားတူကိန်းစဉ်တွေကို ရေးခိုင်းတယ်..။

ကျောင်းသားတွေက..

4,6,8
10,12,14
50,52,54 .... စသဖြင့် လွယ်လွယ်ကလေး ရေးပြကြတယ်..။

ပီတာဝပ်ဆန်က.. အဲ့ဒါကို မကျေနပ်ဘူး..။ ကျောင်းသားတွေအဖြေမှားလို့
မကျေနပ်တာတော့ မဟုတ်ဘူး..။ ကျောင်းသားတွေဟာ.. ကိန်းတစ်ခုနဲ့ တစ်ခု..
နှစ်- ကွာတယ်ဆိုတဲ့ ထူးခြားချက်နောက် အားလုံးလိုလို လိုက်သွား တာကို မကျေနပ်တာပဲ..။

သူက.. 1,2,3 လို့ ဘာလို့ မရေးကြသလဲ- မတွေးမိကြသလဲလို့ ထောက်ပြတယ်..။

ပေးထားတဲ့ ကိန်းစဉ်ဟာ ရှေ့ဂဏန်းထက် နောက်ဂဏန်းက နှစ်-စီ တိုးသွားတယ်ဆိုတာ မှန်သလို.. ရှေ့ဂဏန်းထက် နောက်ဂဏန်းက ကြီးတယ်ဆိုတဲ့အချက်ကလည်း မှန်နေတာပဲ..။

တကယ်ဆို.. 500, 1000000, 123456789 လို့ ရေးရင်လည်း ..
ပေးထားတဲ့ ကိန်းစဉ်နဲ့ အလားတူတဲ့ နောက်ကိန်းစဉ်တစ်မျိုးလို့ ပြောနိုင်
တာပဲ မဟုတ်လား..။

ဆိုလိုတာက.. ကျွန်တော်တို့တတွေဟာ.. အစဉ်အလာ-အတွေ့အကြုံ-
အခုအခံ-အစွဲအလမ်းတွေနဲ့ပဲ အရာရာကိုချဉ်းကပ်တယ်..။
ခံစားတယ်..။ သိမြင်လေ့ရှိကြတယ်..။

အကျိုးဆက်အနေနဲ့.. ကျွန်တော်တို့ရဲ့  စိတ်အစဉ်ဟာ..
စွမ်းအားရှိသလောက် လွတ်လပ်ခွင့်မရတော့ဘဲ..
ကိုယ့်စိတ်အစွဲအလမ်းနဲ့ ကိုယ် ဘောင်ခတ်ကန့်သတ်ခံရတော့တာပဲ..။

- Ko Navana

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...