စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် သြဂုတ် ၉ ရက်နှင့် ၁၀ ရက်တို့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကျေးရွာအချို့ ရေနစ်မြုပ်ခဲ့ကာ မိုးစပါး လယ်မြေဧက ထောင်ချီကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ပန်းရံ၊ လိပ်ချင်း၊ သီးလုံး၊ နှမစားရစ် အစရှိသော ကျေးရွာများမှ မိုးစပါး ပျိုးခင်းများနှင့် ရိတ်သိမ်းရန် ကျန်ရှိနေသော နွေစပါး စိုက်ခင်းများ ပျက်စီးခဲ့ရပြီး အိမ်ခြေ ၂၀၀ ကျော်မှာ ရေနစ်မြုပ်မှုကြောင့် အခက်တွေ့နေရခြင်း ဖြစ်သည်။
''ရေရှားလို့ ဒီဇယ်နဲ့ ရေတင်ပြီး ပျိုးထောင်ခဲ့ရတာလေ။ အခုဟာက ပုံမှန်မိုးရွာတာနဲ့ဆို ဒီလိုရေကြီးတာတွေ ဖြစ်မှာမဟုတ်ဘူး။ မြို့ထဲက မဟာနန္ဒာကန်တော် ရေဆိုးမြောင်း အမှတ် ၃၊ ၄၊ ၅ က ရေဖောက်ချလိုက်လို့ စပါးခင်းတွေ ပျက်စီးပြီး ရေကြီးတာတွေ ဖြစ်ရတာ'' ဟု နှမစားရစ် ကျေးရွာမှ တောင်သူတစ်ဦးက ဆိုသည်။
နှမစားရစ် ကျေးရွာများရှိ လယ်မြေဧက ငါးရာကျော်အား လန ၃၉ ချထားပေးခြင်း မရှိဘဲ ငါးကန်များ နှစ်ဖက်ပိတ် တူးဖော်ထားသဖြင့် မိုးရွာသွန်းပါက ဆယ်ဖို့သကဲ့သို့ ဖြစ်နေခြင်းနှင့် ရေဆိုးစွန့်ထုတ်ရာတွင် စနစ်မကျခြင်း များကြောင့် ရေကြီးရေလျံမှု ဆိုးရွားစွာ ကြုံတွေ့ရခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
''ငါးကန်တွေက ဆယ်ဖို့ထားသလို ဖြစ်နေတယ်။ မိုးရွာတဲ့ရေရယ်၊ ရေဆိုးမြောင်းက လွှတ်လိုက်တဲ့ ရေရယ် ပေါင်းလိုက်တော့ တစ်မိုင်သာသာရှိတဲ့ ရေပြင်ကျယ်ကြီးက ပေတစ်ရာဝန်းကျင် အပေါက်ကနေ ဘယ်လိုမှ ပြန်မကျနိုင်ဘူး'' နှမစားရစ်ကျေးရွာ တောင်သူဦးမောင်မောင်က ဆိုသည်။
ရေကြီးရေလျှံမှုကြောင့် ကျပ်သိန်းရာချီကာ ဆုံးရှုံးခဲ့ရကြောင်း၊ သက်ဆိုင်ရာ ဌာနများမှ လာရောက် ကြည့်ရှုခြင်းပင် မရှိကြောင်း၊ ရေနစ်မြုပ်နေသော အိမ်ခြေများတွင် ၀မ်းရောဂါနှင့် အခြားသော ရောဂါများမှာ စိုးရိမ်ဖွယ် ဖြစ်နေကြောင်း သိရသည်။
''တချို့တောင်သူတွေရဲ့ သိမ်းခါနီး နွေစပါးခင်းတွေ ပါသွားတယ်။ တချို့သိန်းဆယ်ချီပြီး ဆုံးရှုံးကြတယ်။ အကြွေးပြန်ဆပ်ရမယ့် စပါးတွေ ထပ်ပြီးဆုံးရှုံးတော့ ပိုပြီး အခက်တွေ့နေရပြီ။ သက်ဆိုင်ရာ ဌာနတွေကလည်း ကူညီဖို့ မပြောနဲ့ လာပြီးကြည့်တာ မျိုးတောင် မရှိဘူး'' ဟု ပန်းရံကျေးရွာ တောင်သူတစ်ဦးက ဆိုသည်။
မိုးခေါင်ခြင်းနှင့် ရာသီဥတု ဖောက်ပြန်ခြင်းများကြောင့် အခက်တွေ့နေရသော တောင်သူများသည် ယခုကဲ့သို့ ရေကြီးရေလျှံမှုကြောင့် စားဝတ်နေရေး၊ ချေးငွေ အစရှိသည်တို့မှာ ပိုမိုကျပ်တည်း လာတော့မည် ဖြစ်သည်။
ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာ၌ ရေကြီးရေလျံမှု ဖြစ်ပေါ်နေစဉ်
- Eleven







0 comments:
Post a Comment