Sunday, August 11, 2013

နိုင်ငံသားတိုင်း လိုက်နာ ရပါမည်




နိုင်ငံတော် အစိုးရသည် နှစ်ပေါင်း ရှည်ကြာစွာ ဖြစ်ပွားလျက် ရှိသည့် ပြည်တွင်း
လက်နက်ကိုင် တိုင်းရင်းသားများ အရေးကို ချုပ်ငြိမ်းစေရန် အတွက်
ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရပြီး အတိုင်းအတာ တစ်ခုသို့
ရောက်ရှိ နေပြီလည်း ဖြစ်သည်။

ပြည်တွင်း၌ ထာဝရ ငြိမ်းချမ်းရေး ရရှိသည့် အဆင့်ရောက်ရန်မှာ များစွာ ဆောင်ရွက်ရဦးမည် ဖြစ်သော်လည်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ အနေဖြင့် နိုင်ငံနှင့် တိုင်းရင်းသား ပြည်သူများ အရေးကို ဦးတည်ပြီး မှန်ကန်သော
စိတ်သဘောထား များရှိပါက ရည်ရွယ်ချက် တူညီမည် ဖြစ်၍ ပန်းတိုင်သည် အလှမ်း မဝေးနိုင်ပါ။
ယခုအချိန်သည် အပြီးတိုင် အပစ်အခတ် ရပ်စဲသည့် အဆင့် မရောက်သေးဘဲ နားလည်မှု၊
ယုံကြည်မှုများ တည်ဆောက်ဆဲ ကာလဖြစ်၍ အမှားအယွင်း မဖြစ်စေရန် အရေးကြီးပါတယ်။

အစိုးရ၊ တပ်မတော် အနေဖြင့်လည်း တိုင်းရင်းသား များနှင့် တွေ့ဆုံ ဆွေးနွေးမှုမှ
ရရှိလာသော သဘော တူညီချက်များကို လေးစား လိုက်နာရ မည်ဖြစ်သည်။
တပ်မတော်သားများ အနေဖြင့် စစ်စည်းကမ်း အပြင် အရပ်ဘက်ဆိုင်ရာ (နိုင်ငံသား) တည်ဆဲ ဥပဒေများ ကို လိုက်နာကြရသူများ ဖြစ်၍ ပြည်သူလူထု အပေါ် ကျူး လွန်မှု ဖြစ်ခဲ့သူများကို ထိရောက်စွာ အရေးယူမှုများ ဆောင်ရွက်လျက် ရှိကြောင်း၊ မှတ်တမ်း သက်သေများလည်း
အချိန်မရွေး စိစစ်နိုင်ကြောင်း တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများက အာမခံ ပြောကြားကြသည်။ တစ်ဖက်ကလည်း တိုင်းရင်းသား လက်နက်ကိုင် များသည် ဒေသအလိုက် သတ်မှတ် ပြဋ္ဌာန်းထားသော စည်းကမ်းချက်များ အပြင် နိုင်ငံသားများ ဖြစ်သည့် အားလျော်စွာ နိုင်ငံတော်တွင် ပြဋ္ဌာန်းထားသည့် တည်ဆဲ ဥပဒေများကို လိုက်နာကြရမည် ဖြစ်သည်။

အဆင့်မြင့် နည်းပညာများ တွင်ကျယ်စွာ အသုံးပြုလာသည့် ယနေ့ခေတ်ကြီးတွင် ကမ္ဘာကြီးကို ရွာကြီးတစ်ရွာ အဖြစ် တင်စား သတ်မှတ်လာကြပြီ ဖြစ်ရာ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိ ဆိုသည့် စကားအတိုင်း အချို့ဒေသ များတွင် မူးယစ်ဆေးဝါး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မင်းမဲ့စရိုက် ဆန်ဆန် သတ်ဖြတ်ခြင်း၊ အခွန်ကောက် သည်ဟု ဆိုကာ ဆက်ကြေးငွေ အဓမ္မကောက်ခံခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက် အနိုင်ကျင့်ခြင်း၊ အဓမ္မ လူသစ် စုဆောင်း ဖမ်းဆီးခြင်း၊ ဖောက်ခွဲ ဖျက်ဆီးခြင်း စသည်ဖြင့် ဥပဒေမဲ့ လုပ်ရပ်များ လုပ်ဆောင်နေမှုကို သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြမှုများ ရှိနေသလို ဒေသခံများသာ သိလိုက်သော ဖြစ်ရပ်များစွာ ရှိနေပါတယ်။ အဆိုပါ လုပ်ရပ်များသည် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများ အတွက် ကြီးမားသော အနှောင့်အယှက် ဖြစ်ရုံမက နိုင်ငံတော်၏ တည်ဆဲဥပဒေ များကို ချိုးဖောက်သော ပြစ်မှုကြီးများ ဖြစ်ပါတယ်။

လူ့အခွင့်အရေးနှင့် ပတ်သက်လာလျှင် ကမ္ဘာ့ လူ့အခွင့် အရေး ကြေညာစာတမ်း၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး ဆိုင်ရာ အပြည်ပြည် ဆိုင်ရာ သဘောတူ စာချုပ်နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး ဆိုင်ရာ အပြည်ပြည် ဆိုင်ရာ သဘောတူ စာချုပ်တို့ကို ကမ္ဘာ့ လူ့အခွင့်အရေး ဥပဒေကြီးဟု တင်စား ခေါ်ဝေါ်ကြပါသည်။ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း၏ အပိုဒ်(၃)တွင် လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ် လုံခြုံခွင့် ရခွင့်ရှိသည်ဟု လည်းကောင်း၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး ဆိုင်ရာ သဘောတူ စာချုပ်၏ အပိုဒ်(၆)၊ အပိုဒ်ခွဲ(၁)တွင် အသက်ရှင် ရပ်တည် ပိုင်ခွင့်သည် လူသားတိုင်း၏ မွေးရာပါ အခွင့်အရေး ဖြစ်သည်။

ဤအခွင့်အရေးကို ဥပဒေဖြင့် ကာကွယ် စောင့်ရှောက်ရမည်။ မည်သူမျှ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား အသက် ဆုံးရှုံးအောင် တရားမဲ့ လုပ်ဆောင်ပိုင်ခွင့် မရှိဟု လည်းကောင်း၊ အပိုဒ်(၉)၊ အပိုဒ်ခွဲ(၁)တွင် လူသားတိုင်းတွင် လွတ်လပ်ခွင့် ရှိပြီး မိမိ၏ လုံခြုံရေးကို ခံစားပိုင်ခွင့် ရှိသည်။ မည်သူ့ကိုမျှ တစ်ဖက်သတ် အာဏာသုံး၍ ဖမ်းဆီးခြင်းသော် လည်းကောင်း၊ တရားဥပဒေမဲ့ မတရား ထိန်းသိမ်းခြင်းသော် လည်းကောင်း မပြုလုပ်ရ။ တည်ဆဲ ဥပဒေအရ ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများအတိုင်း ဖမ်းဆီး ထိန်းသိမ်းရန် အခြေအနေမှ တစ်ပါး လူပုဂ္ဂိုလ် တစ်ဦး၏ လွတ်လပ်ခွင့်ကို မဆုံးရှုံးစေရဟု လည်းကောင်း ပြဋ္ဌာန်း ထားသည်ကို လေ့လာ တွေ့ရှိရသည်။

အချို့ဒေသ များတွင် ဖြစ်ပေါ်နေသော ဥပဒေမဲ့ သတ်ဖြတ်မှုများ၊ အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်မှုများ၊ လက်နက်ဖြင့် ခြိမ်းခြောက် အဓမ္မ ပြုကျင့်မှုများသည် အဆိုပါ လူ့အခွင့်အရေး ဆိုင်ရာ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာ ရောက်သည်။

ပြည်တွင်း ဥပဒေ အရ ကြည့်မည် ဆိုပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃ဝ၂ (၁)အရ တင်ကူး ကြံရွယ်ချက်ဖြင့် လည်းကောင်း၊ ထောင်ဒဏ် ခုနစ်နှစ် အထိ ချမှတ် ခံထိုက်သော ပြစ်မှုကို ကျူးလွန်နေစဉ် တွင်သော် လည်းကောင်း၊ လူသတ်မှုကို ကျူးလွန်လျှင် ပြစ်မှု ကျူးလွန်သူကို သေဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃ဝ၂ (၂)အရ လူသတ်မှု ကျူးလွန်သူကို တစ်သက် တစ်ကျွန်းဒဏ် ဖြစ်စေ၊ ၁ဝ နှစ်အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်း ထားသည်ကို လေ့လာ တွေ့ရှိရ ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-(၃၁၁)အရ လူသတ်မှု ကျူးလွန်ရာတွင် လုယက်မှုကိုပါ အခြားသူ တစ်ဦးတစ် ယောက် သို့မဟုတ် အများနှင့် ပူးပေါင်း ကျူးလွန်လျှင် ကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ် ချမှတ်ရမည့်အပြင်ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၈၄အရ ခြောက်လှန့် တောင်းယူမှုကို ကျူးလွန်လျှင် သုံးနှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး မတရား ဖမ်းဆီး ချုပ်နှောင်မှုများနှင့် စပ်လျဉ်း ၍လည်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၄၂ မှ ပုဒ်မ-၃၄၈ အထိ ပြဋ္ဌာန်းထားကာ ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိ ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၃၇၆ အရ အမျိုးသမီးများ အပေါ် အဓမ္မ ပြုကျင့်မှုကို ကျူးလွန်လျှင် တစ်သက်တစ်ကျွန်းဒဏ် အထိ ချမှတ်နိုင်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၃၉၅ အရ ဓားပြမှုကို ကျူးလွန်လျှင် တစ်သက် တစ်ကျွန်းဒဏ် အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်း ထားသည်ကို သာဓကများ အနေဖြင့် လေ့လာ တွေ့ရှိနိုင်သည်။

လူတစ်ဦး တစ်ယောက်မှသည် အဖွဲ့အစည်းပါ မကျန် တရားဥပဒေနှင့် အညီ နေထိုင် ကျင့်ကြံပြီး နိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန် မိမိ တတ်စွမ်းသည့် အခန်းကဏ္ဍမှ ပါဝင် လှုပ်ရှားခြင်းနှင့် အတူ နိုင်ငံတော် အတွင်း မှီတင်း နေထိုင်ကြသော နိုင်ငံသားတိုင်းသည် ဥပဒေမဲ့ လုပ်ရပ်များ အတွက် ဥပဒေက ကင်းလွတ်ခွင့် ပေးမည် မဟုတ်၍ မကောင်းမှု ဟူသည် ဆိတ်ကွယ်ရာ မရှိ ဆိုသည့်စကားကို ယဉ်ပါးပြီး ဥပဒေနှင့် အညီ လိုက်နာ နေထိုင်သင့်ပါကြောင်း ဥပဒေ ဘက်တော်သား တစ်ဦးအနေဖြင့် သတိပေး နှိုးဆော် ရေးသား လိုက်ရပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...