မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်နေသည့် သတင်း မီဒီယာ ဥပဒေကြမ်း ကို ထောက်ခံကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက သြဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။
သတင်း မီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပါတီ အလုပ် အမှုဆောင် ကော်မတီ အစည်းအဝေးတွင် ဆွေးနွေး တင်ပြ ဆွေးနွေး ပြီးသည့်အပြင် ဥပဒေ အချက်အလက်များကို ပါတီ ဥပဒေ အကြံပေး အဖွဲ့နှင့် ညှိနှိုင်း ဆွေးနွေးထားပြီး ဖြစ်ကြောင်း၊ ဥပဒေကြမ်းနှင့် ပတ်သက်၍ စာနယ်ဇင်းကောင်စီ ဘက်မှ ရပ်တည်သွားမည် ဖြစ်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။
သြဂုတ်လ ၃ ရက်နေ့က ပြုလုပ်သည့် သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ စာနယ်ဇင်း ကောင်စီနှင့် နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်း များ တွေ့ဆုံပွဲသို့ NDF ပါတီကို ဖိတ်ကြား ခံရသော်လည်း တွေ့ဆုံပွဲ တက်ရောက်ရန် တာဝန် ပေးအပ်ထားသည့် အတွင်းရေးမှူး (၃) မှာ ရုတ်တရက် နေပြည်တော်သို့ အရေးပေါ် ခရီး ထွက်ခွာသွားသဖြင့် အဆိုပါ တွေ့ဆုံပွဲကို မတက် ရောက်နိုင်ခြင်း ဖြစ်ကြောင်း NDF ၏ ထုတ်ပြန်ချက်တွင် ရှင်းလင်းထားသည်။
စာနယ်ဇင်းကောင်စီ၏ သတင်း မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်၌ တင်သွင်း ဆွေးနွေးသည့်အခါ NDF ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ က ထောက်ခံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
သတင်း မီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ၏ သဘောထားနှင့် တစ်သားတည်း ဖြစ်ပြီး ၈၈၈၈ ငွေရတု အခမ်းအနား နီးကပ်လွန်းနေ၍ တွေ့ဆုံပွဲ တက်ရောက်ရန် ပျက်ကွက်ခဲ့ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း မှ ဦးအံ့ဘွယ်ကျော်က ပြောကြားသည်။
“ငွေရတုပွဲအတွက် တောက်လျှောက် လုပ်နေရတော့ မတက်ဖြစ်လိုက်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံးက စာနယ်ဇင်းကောင်စီနဲ့ သဘောထား တစ်ထပ်တည်းပါပဲ”ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲသည့် သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက် ၍ တရားဝင် နိုင်ငံရေး ပါတီ ၁၈ ပါတီကို ဖိတ်ကြားခဲ့သော်လည်း ပါတီ နှစ်ခုသာ တက်ရောက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသည်တို့ အပါအဝင် အင်အားကြီး ပါတီများ မတက်ရောက်ခဲ့ကြောင်း၊ ထို့အတူ ၈၈ မျိုးဆက် ကျောင်းသားများလည်း ပါဝင် တက်ရောက်ခြင်း မရှိကြောင်း စာနယ်ဇင်းကောင်စီက ဆိုသည်။
ယင်းသို့ ပါတီကြီးများနှင့် ၈၈ မျိုးဆက် ကျောင်းသားများ၏ ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်းအပေါ် အထူး စိတ်မကောင်း ဖြစ်ရကြောင်း ယင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြား သည်။
ပြန်ကြားရေး ဝန်ကြီးဌာနက နိုင်ငံတကာ စံနှုန်းနှင့် မကိုက်ညီသည့် အချက် ၁၇ ချက် ပါဝင်နေခြင်း ကြောင့်ဟု ဆိုကာ လွှတ်တော်သို့ မတင်သွင်းပေးနိုင် ဟု ငြင်းဆိုထားသည့် သတင်း မီဒီယာ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ကိုယ်စားလှယ် တစ်ဦးစီက တင်သွင်းပေး ရန် ကမ်းလှမ်းထားကြောင်း ယင်းကောင်စီထံမှ သိရသည်။
- The Voice






0 comments:
Post a Comment