ပိုင်ဆိုင်မှုဆိုတာ ဘာလဲဆိုတဲ့ အမေးကို ရံဖန်ရံခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖြစ်တယ် -
• ပစ္စည်းဥစ္စာ ကြွယ်ဝပေါများမှုလား
• ငွေကြေးပြည့်စုံ ကုံလုံမှုလား
• လိုတရလောက်တဲ့ ဖြည့်ဆည်းပေးနိုင်စွမ်းလား
ဒီလိုပဲ ထင်ခဲ့ကြတာပဲ - ငယ်ငယ်တည်းကလည်း ဒီလိုပဲ သင်ခဲ့ကြတယ် - ကျောင်းစတက်ပြီ ဆိုကတည်းက အမေက ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို ခဲတံလေး တစ်ယောက် တစ်ချောင်းဝယ်ပေးတယ် - ဒါက သားဖို့ - ဒါက သားအကိုကြီးဖို့ - ဆိုလိုတာ သားဖို့ ဆိုကတည်းက ဒီခဲတံဟာ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှု - ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ မပတ်သတ်တော့ဘူး - အဲ့လိုနဲ့ ကျောင်းကို ရောက်သွားတော့လည်း ထိုင်ခုံနေရာတွေ ဆရာမက ချပေးတယ် - ဒါက သားနေရာ ဒါက သမီးနေရာ - အဲ့မှာလည်း ပိုင်ဆိုင်မှု တစ်ခု ထပ်ရောက်လာပြန်ရော - ဒါက သားနေရာ ဆိုတည်းက ဒီနေရာဟာ ငါပဲ ပိုင်တယ် - မင်းလာထိုင်လို့ မရဘူး - ငါ့နေရာဆိုတာ ငါထိုင်ဖို့ - မင်းထိုင်ချင်ရင် မင်းနေရာ မင်းထိုင် - အဲ့လိုနဲ့ ငယ်ငယ်တည်းက လူ့သဘာဝပတ်ဝန်းကျင် နဲ့ ပိုင်ဆိုင်မှုဆိုတဲ့ သင်ခန်းစာတစ်ရပ်ကို ပြဌာန်းချက် သင်ရိုး မရှိပဲ ကျွန်တော်တို့ သင်ခဲ့ရတယ် -
အဲ့လိုနဲ့ အရွယ်ရောက်တဲ့အထိ တစ်တန်းပြီး တစ်တန်း ပညာတွေ သင်ခဲ့တယ် - ပညာကို ဘာလို့ သင်နေကြမှန်း ကျွန်တော်တို့ ဂဃနဏ မသိကြပေမယ့် ကျွန်တော်တို့ စိတ်ထဲမှာ ငယ်စဉ်တည်းက လူ့ပတ်ဝန်းကျင်က ရိုက်သွင်းခဲ့တဲ့ ပိုင်ဆိုင်မှု ဆိုတဲ့ ယုံကြည်ချက် တစ်ခုတော့ ရှိနေကြတယ် - ဆရာဝန်ကြီးတွေ / အင်ဂျင်နီယာကြီးတွေ ဖြစ်ရင် တိုက်အကြီးကြီးတွေ ကားအကောင်းစားကြီးတွေနဲ့ နေရမယ် - ကိုယ်လိုချင်တာ ဝယ်နိုင်မယ် - ကိုယ်စားချင်တာ စားနိုင်မယ် - ကိုယ်ပိုင်ပိုက်ဆံ ဆိုတာလည်း အများကြီး ရှိလာလိမ့်မယ် - ဒီလိုပဲ ယုံကြည်ခဲ့ကြတယ် - ပြောရရင် ပညာတတ်ဖြစ်စေချင်တဲ့ မိဘတွေရဲ့ ရည်ရွယ်ချက်ကို ပိုင်ဆိုင်မှုဆိုတာတွေ ဖန်တီးနိုင်ဖို့အတွက် ခိုင်းစေချက် တစ်ခုလို့ ယုံကြည်လိုက်တာမျိုးပေါ့ - ဘာလို့လည်း ဆိုတော့ မိဘတိုင်းကလည်း ပြောကြတယ် -
• နင်စာမကျက်ဘူးလား -
• နင်ပညာမတတ်ရင် ဆိုက်ကားနင်းရမှာ -
• သူများခိုင်းတာ ခံရမှာ -
• ကူလီထမ်းရမှာ - စသဖြင့် ...
တကယ်တော့ ပညာမတတ်တိုင်း ဆိုက်ကားမနင်းရဘူး - သူများခိုင်းတာ တစ်ချိန်လုံး မခံရဘူး - ကူလီမထမ်းရဘူး - ပညာမတတ်လည်း ကြိုးစားမယ် ဝီရိယရှိမယ် ဆိုရင် တစ်ချိန်မှာ သူများကို အထက်စီးကနေ ခိုင်းနိုင်တဲ့ လူချမ်းသာ တစ်ယောက် ဖြစ်နိုင်တာပဲ - အဲ့လိုစိတ်ကို ဝီရိယနဲ့ပေါင်းပြီး ကြိုးစားခဲ့ကြလို့ဘွဲ့မရပေမယ့် လူချမ်းသာ ဖြစ်နေကြတဲ့ သူတွေလည်း ကမ္ဘာမှာ အများကြီးကို ရှိတယ် - မြန်မာမှာလည်း ရှိတယ် -
အဲ့တော့ ငယ်စဉ်တည်းက ပညာဆိုတာကို ပိုင်ဆိုင်မှုတွေ ဖန်တီးနိုင်ဖို့ တစ်ခုတည်း အတွက်လို့ ယုံကြည်ထားခဲ့ကြတဲ့ လူငယ်တွေရဲ့ စိတ်ထဲမှာ သို့လော သို့လော အတွေးတစ်ချို့ ဝင်လာတယ် -
• ပညာတတ်မှ မဟုတ်ဘူး - ပညာမတတ်လည်း ပိုင်ဆိုင်မှုဆိုတာ ဖန်တီးယူလို့ ရတယ်
• ပညာမတတ်ခြင်းနဲ့ ပညာမတတ်ခြင်းက ဘာမှ မကွာဘူး
• တစ်ချို့ သူဌေးတွေ ဘာပညာမှ မတတ်ဘူး
• အဲ့လိုလူတွေကပဲ ပညာတတ်ပါတယ်ဆိုတဲ့ ကျုပ်တို့ကို ခိုင်းစားနေကြတယ်
• အဲ့တော့ ဒီပညာဆက်သင်တော့ရော ဘာထူးမှာလဲ
• အချိန်ကုန်ခံပြီး ပညာဆက်သင်နေမယ့် အစား စီးပွားရေးထွက်လုပ်တာကမှ လူမွှေးလူတောင် ပြောင်ဦးမယ်
• ကြိုးစားရင် ကြိုးစားသလောက် ဒီနေ့ဖြစ်မလား မနက်ဖြန်လာမလား ကြီးပွားနိုင်မယ်
• ပညာဆက်သင်နေရင် အချိန်ကုန်လူပန်း ဘွဲ့ရလာပြန်တော့လည်း အလုပ်ရဖို့ဆိုတာ မသေချာ စသဖြင့် တွေးမိလာကြတယ်
ဒါဟာ သိပ်ကြောက်ဖို့ ကောင်းတဲ့ အတွေးအခေါ် မှားယွင်းမှု တစ်ခုပဲ - တကယ်တော့ ပညာသင်ကြား ရခြင်းရဲ့ အဓိက ဦးတည်ချက်ဟာ ပိုင်ဆိုင်မှုတွေ ဖန်တီးနိုင်ဖို့ တစ်ခုတည်းအတွက် ရည်ရွယ်ချက် ထားပြီး သင်ကြားပေးနေတာ မဟုတ်ပါဘူး - ပညာသင်ကြားရခြင်းရဲ့ အဓိက ဦးတည်ချက်တွေဟာ -
• ခွဲခြမ်းစိတ်ဖြာနိုင်မှု
• ဆက်စပ်လေ့လာနိုင်မှု
• ရောင့်ရဲတင်းတိမ်နိုင်မှု
• တည်ဆောက်ရယူနိုင်မှု နဲ့
• ဖေးမမြှင့်တင်နိုင်မှု
ဆိုတာတွေအတွက် အဓိက ဦးတည်ချက် ထားတယ်ဆိုတာကို လူငယ်တွေ နားလည်ကြဖို့ လိုပါတယ် - ဒီရည်ရွယ်ချက်တွေနဲ့ ပညာကို သင်ခဲ့ကြပေမယ့် ဒီနေရာမှာ တစ်ခုသိထားဖို့ လိုတာက ဘွဲ့ရတိုင်းလည်း ပညာတတ် မဟုတ်ဘူး - လူတစ်ချို့တစ်ချို့ / အတော်များများက ပညာတတ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဘွဲ့ပိုင်ဆိုင်မှု ဆိုတာနဲ့ တွဲစပ်ရှုမြင် နေကြတယ် - ဆိုလိုတာ -
• ဘွဲ့တွေ တစ်သီကြီး ရထားရင် ပညာတတ်ကြီး
• ဘွဲ့လေး တစ်ခုလောက် ရထားရင် ပညာတတ်
• ဘွဲ့တစ်ခုမှ မရထားရင် ပညာမတတ် ( ဝါ ) ပညာမဲ့ စသဖြင့်
အဆင့်အတန်းကို အလိုလျောက် ခွဲခြားပစ်ကြတယ် - တကယ်တော့ အဲ့ဒီ့ ခံယူချက်တွေဟာ မမှန်ကန်ဘူး - ပညာတတ်ဆိုတာ အတန်းပညာ ဘယ်လောက်ပဲ သင်ခဲ့ရသည် ဖြစ်စေ - ကိုယ်သင်ကြားခဲ့ရတဲ့ သင်ခန်းစာ ဘာသာရပ်အလိုက် လူ့ပတ်ဝန်းကျင်မှာ အံဝင်ခွင်ကျနဲ့ ဆက်စပ် အသုံးချနိုင်စွမ်း ရှိသူကိုသာ ပညာတတ်လို့ သတ်မှတ်တယ်။
ခွဲခြမ်းစိတ်ဖြာနိုင်မှု - ပညာသင်ကြားရခြင်းရဲ့ ကနဦး ရည်ရွယ်ချက်ဟာ ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ - ဆိုလိုတာ အကောင်းနဲ့ အဆိုး - အမှားနဲ့ အမှန် ကြားမှာ တစ်ခြားသူရဲ့ အမြင်နဲ့ မိမိအမြင်ဆိုတဲ့ အမြင်နှစ်ခုကို ပေါင်းစပ်ပြီး လိုလားချက် ပြီးမြောက်နိုင်မယ့် ဦးတည်ချက်ကို ရှာဖွေနိုင်မယ့် ပညာရပ်ဖြစ်တယ်။ ဒီလိုပညာကို တတ်မြောက်နိုင်ဖို့ အတွက် ပြဌာန်းချက်တွေထဲမှာ သက်ဆိုင်ရာ ဘာသာရပ်တွေကို သင်ခန်းစာ ခေါင်းစဉ်အလိုက် ထည့်ထားတယ် - ဥပမာ သခ်ာၤ - သခ်ာၤမွာဆို Probability ဆိုတဲ့ အခန်းရှိတယ် - သူက ဖြစ်နိုင်စွမ်းနဲ့ ဖြစ်တန်စွမ်းကို လေ့လာတာ - စာသင်ခန်းထဲမှာ လက်နဲ့ ချရေးပြီး တွက်ခဲ့ရတဲ့ ဒီပုစ္ဆာတွေကို ခက်လှပြီ ထင်ခဲ့တဲ့ ကျွန်တော်တို့တစ်တွေ - လက်တွေ့ လူ့ပတ်ဝန်းကျင်ကို ဝင်လာတဲ့အခါ လူအများစုနဲ့ ရပ်တည် လှုပ်ရှားရတဲ့ လုပ်ငန်းခွင်တွေအတွက် Probability ဟာ ဒီ့ထက် ပိုနက်နဲမှန်း သိလာရတယ် -
အဲ့လို အခြေအနေမျိုးမှာ ပညာမသင်ကြားခဲ့ဖူး သူတွေအတွက် သင်ရိုးတစ်ခုက ပေးတဲ့ သင်ခန်းစာနဲ့ နှိုင်းယှဉ်ပြီး အမှားအမှန်ကို မဆန်းစစ်နိုင်တော့သလို - ပညာတတ်အမည်ခံ ဘွဲ့ရတွေ ဆိုတာလည်း လူ့ပတ်ဝန်းကျင်ရဲ့ အခြေအနေနဲ့ ဆက်စပ်သင့်လျှော်မယ့် တွေးခေါ်မှုမျိုး အလုပ်ဆောင်နိုင်ကြတော့ဘူး - သူများပြောတိုင်း ယုံတတ်လာတယ် - ကိုယ့်ကိုယ်ကိုယ် အားမကိုးချင်တော့ဘူး - ဒီလူပြောလည်း ဟုတ်လောက်ပါတယ် - ဟိုလူပြောလည်း ဟုတ်လောက်ပါတယ် - အဲ့လိုလူတွေကြားမှာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သက်သေသာဓကလေးနဲ့ ပြနိုင်တဲ့သူတစ်ယောက် ပြောတာကြားရရင် အဲ့ဒီ့လူကို ပိုယုံသွားတယ် -
ဒီလိုနဲ့ ပညာတတ်အမည်ခံ ပညာမဲ့တွေ တစ်စတစ်စ များပြားလာတဲ့ အခါ အိမ်မှာဆို အိမ်တွင်းရေး မသာယာတော့ဘူး - နိုင်ငံနဲ့ ချီတော့ နိုင်ငံရေးတွေ ရှုပ်ထွေးလာတယ် - မင်းမဲ့စရိုက်ဆန်လာတယ် - ကမ္ဘာနဲ့ ချီတော့ မပြီးဆုံးနိုင်တဲ့ တိုက်ပွဲတွေ ဖြစ်လာကြတယ်။
ပူးပေါင်းဆောင်ရွက်နိုင်မှု - လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ကြိုးစားနိုင်သည် ဖြစ်စေ သူ့မှာ စွမ်းဆောင်နိုင်တဲ့ Limit ဆိုတာ ရှိတယ် - Limit ကိုကျော်ပြီး ဘယ်သူမှ တစ်ဦးတစ်ယောက်ကောင်းနဲ့ မစွမ်းဆောင်နိုင်ဘူး - ကိုယ်လုပ်နိုင်သလောက်ကို ကိုယ်ကိုယ်တိုင် ကြိုးစားယူပြီး ကိုယ်တစ်ယောက်တည်းနဲ့ စွမ်းဆောင်နိုင်ဖို့ခက်တဲ့ ကိစ္စရပ်တွေအတွက် ပူးပေါင်းဆောင်ရွက်မှု ဆိုတာ လုပ်ဆောင်ကြရတယ် - အဲ့လိုပဲ တစ်ခုခုကို လိုချင်တယ် ရချင်တယ် ဆိုရင်လည်း အဆင့်လိုက် တစ်ဆင့်ချင်း တက်လှမ်းရယူကြရတယ် - ခု အပင်စိုက် ခု အသီးစားချင်လို့ မရဘူး - ချက်ချင်း လက်ငင်း စွမ်းဆောင်လို့ မရတဲ့ ကိစ္စရပ်တွေအတွက် လတ်တလောမှာ ရောင့်ရဲပြီး အနာဂတ်မှာ ရင်ဆိုင်နိုင်ဖို့ ဘယ်လိုအချိန်ပေး ပြင်ဆင်မှုတွေ လုပ်ဆောင်ရမယ် ဆိုတာ ငယ်စဉ်တောင်ကျေး ကလေးဘဝက စပြီး နားလည်နိုင်အောင် ပြဌာန်းချက်တွေထဲမှာ ထည့်သွင်း သင်ကြားခဲ့ကြတယ် -
ဥပမာ ပြောရရင် ကမ္ဘာ့သမိုင်းနဲ့ မြန်မာ့သမိုင်းတွေကြည့် - မြန်မာ့သမိုင်းမှာ ဆိုရင် ကိုလိုနီလက်အောက်ခံ ဘဝက လွတ်မြောက်ချင်ပေမယ့် ပူးပေါင်းဆောင်ရွက်မှု မရှိလို့ ကျရှုံးခဲ့ရတဲ့ စစ်ပွဲတွေ - လက်အောက်ခံ ဘဝကနေ လွတ်မြောက်ဖို့ အတွက် ပြန်ပြီး ကြိုးစားကြတဲ့ နေရာမှာ ပူးပေါင်းဆောင်ရွက်မှု ဆိုတာကို ခါးဝတ်ပုဆိုးလို ဖက်တွယ်ပြီး ကြိုးစားခဲ့ကြတဲ့ ရဲဘော်သုံးချိပ် - ဒါတွေဟာ တကယ့်သမိုင်းဖြစ်ရပ်မှန်တွေ - ဒီ သင်ရိုးပြဌာန်းချက်ကနေ သင်ကြားပေးလိုက်တဲ့ သင်ခန်းစာတွေကို လက်တွေ့ လူ့ပတ်ဝန်းကျင်မှာ ကျင့်သုံးလိုက်နာနိုင်မှ ဘွဲ့ရတွေလည်း တကယ့် ပညာတတ်ဖြစ်လာမယ်။ မဟုတ်ရင်တော့ ဘွဲ့ရထားလည်း ပညာမဲ့နေဦးမှာပဲ။
ဆက်စပ်လေ့လာနိုင်မှု - ငယ်ငယ်တုန်းက ဘွဲ့ဆို ဆရာဝန် / အင်ဂျင်နီယာဘွဲ့လောက်မှ လူရာဝင်တယ်လို့ ထင်ခဲ့မိတယ် - ဆရာဝန် / အင်ဂျင်နီယာမဖြစ်တော့ရင်ပဲ ကိုယ့်ဘဝက ဆုံးသွားသလို ကိုယ်သင်ခဲ့တဲ့ ပညာက အသုံးမဝင်တော့သလိုလို ယုံကြည်ထားခဲ့တယ် - အဲ့လိုနဲ့ တကယ်တမ်း လုပ်ငန်းခွင်ထဲဝင်လာတော့ ပညာရပ်တိုင်းဟာ ကိုယ်ထင်ထားသလို သီးခြားရပ်တည် လည်ပတ်နေတာမျိုး မဟုတ်တော့ဘူး - ဥပမာပြရရင် အင်ဂျင်နီယာပညာဟာ သိပ္ပံပညာရပ်နဲ့ ဆက်စပ်သလို သချာင်္ပညာရပ်နဲ့လည်း ဆက်စပ်တယ် - ကွန်ပြူတာနဲ့ ကင်းလို့မရသလို Physics, Chemistry နဲ့လည်း ဝေးလို့ မရဘူး - အဲ့လို ဆက်စပ်နေတဲ့အတွက် ကဏ္ဍတိုင်းကို အပြည့်အစုံကြီး မဟုတ်တောင် တီးမိခေါက်မိ ရှိထားဖို့ လိုလာတယ် - ကိုယ့်ထက်ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းရတယ် - မေးမြန်းရတယ် - အချိန်တိုင်း လေ့လာနေရတယ် -
ဒီလိုဆက်စပ်လေ့လာတတ်တဲ့ အတွေးမျိုး ဖြစ်လာအောင် ကျွန်တော်တို့ ငယ်ငယ် လေးငါးခြောက်တန်း လောက်တည်းက သိပ္ပံဘာသာ ဆိုတာ သင်ရတယ် - အတန်းကြီးလာတော့ Science ပေါ့ - သူ့ထဲမှာဆိုရင် လနဲ့ ကမ္ဘာနဲ့ ဆက်စပ်ပုံတို့ - သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်းကြားက ဆက်စပ်မှုတို့ ဆိုတာတွေကို ခေါင်းစဉ်အသီးသီးနဲ့ သင်ခဲ့ရတယ် - ရည်ရွယ်ချက်က ဒီ သင်ရိုး ပြဌာန်းချက်ကနေ သင်ကြားပေးလိုက်တဲ့ သင်ခန်းစာတွေအတိုင်း လူငယ်တွေ စဉ်ဆက်မပြတ် ဆက်စပ်လေ့လာမှု ရှိဖို့လိုတယ်ဆိုတဲ့ အသိတရားကို ရနိုင်စေဖို့ - ဒီအသိတရားအတိုင်း လုပ်ဆောင်နိုင်မှ ကျွန်တော်တို့တွေ ဒီ့ထက်မြင့်မားတဲ့ အသိဥာဏ်ကို ရမယ်။ ဒီ့ထက် ပြည့်စုံအေးချမ်းတဲ့ လူနေမှုဘဝကို ဖန်တီးနိုင်မယ်။ ဘွဲ့သာရခဲ့ပေမယ့် ဆက်စပ်မှုတွေအကြောင်း လှစ်လျူရှုခဲ့ကြရင် ဘွဲ့ရပညာတတ် အမည်ခံထားပြီး ကျွန်တော်တို့တွေ ပညာမဲ့ ဖြစ်နေကြဦးမှာပဲ။
တည်ဆောက်ရယူနိုင်မှု - လူဆိုတဲ့ သဘောဟာ မွေးလာကတည်းက လုပ်သမျှ အကောင်းချည်းပဲ ဖြစ်လာပါမယ်လို့ အာမခံနဲ့လာတာမျိုး မရှိဘူး - ဘယ်သူမဆို အောင်မြင်မှုဆိုတာ ရောက်မလာခင် ကျရှုံးမှုဆိုတာ ရင်ဆိုင်ရတတ်တယ် - တစ်ခါတစ်လေ ဗွီဒီယိုတွေ ရုပ်ရှင်တွေထဲမှာ ဘာမှကြီးကြီးမားမား လုပ်ရကိုင်ရတာမျိုးမရှိပဲ နေရင်းထိုင်ရင်း ကုမ္ပဏီပိုင်ရှင် စီးပွားရေး သမားဆိုတဲ့ အမည်နဲ့ ချမ်းသာနေကြတဲ့ လူတွေကိုကြည့်ပြီး ငါလည်း သူတို့လို ဘာမှလုပ်စရာမလိုပဲ ချမ်းသာနိုင်တာပဲလို့ ထင်ကောင်း ထင်ကြလိမ့်မယ် - တကယ့် ဘဝမှာတော့ အောင်မြင်တစ်ခု ရဖို့ဆိုတာ အဲ့လောက်မလွယ်ကူဘူး - ကျောင်းသားဖြစ်မယ် ဆိုရင် ကိုယ်မသင်ချင်တဲ့ ဘာသာရပ်တွေ သင်ကောင်းသင်ရမယ် - စီပွားရေး သမားဆိုရင် ကိုယ်မမျှော်လင့်ထားတဲ့ ဈေးကွက်ယှဉ်ပြိုင်မှုနဲ့ စီးပွားရေး လှည့်ကွက်တွေ ရင်ဆိုင်ရမယ်
- သေချာတာကတော့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ပထမဆုံးအကြိမ် ကြိုးစားမှုဆိုတာ ချက်ချင်းအောင်မြင်မှုရဖို့ ဘယ်တော့မှ မသေချာတတ်ဘူး - ရှုံးမှာပဲ ကျမှာပဲ - ဘာဖြစ်လဲ ရှုံးတော့ကျတော့ - ပထမဆုံး စလုပ်တဲ့ အလုပ်ဟာ အောင်မြင်မှ ဘဝတစ်သက်လုံး အောင်မြင်ပါလိမ့်မယ်လို့ ဘယ် လောကနီတိမှာမှ ဆိုမထားဘူး - Harry Potter စာအုပ်ကိုရေးတဲ့ J.K. Rowling ဆိုတာ သူ့ရဲ့ ပထမဆုံးစာအုပ်ကို နောက်ဆုံးထုတ်ဝေခွင့် မရမီအချိန်ထိ ၁၂ ကြိမ်တိတိ ငြင်းပယ်ခံခဲ့ရတယ် - American professional basketball သမား Michael Jordan ဟာ သူ့ရဲ့ basketball သမားဘဝ သက်တမ်းတစ်လျှောက်မှာ သူပစ်သမျှ ဘောတိုင်း အကြိမ်ပေါင်းမနည်း လွဲခဲ့ဖူးတယ် - ပြိုင်ပွဲပေါင်း ရာနဲ့ချီပြီး ရှုံးခဲ့ဖူးတယ် - ဒါပေမယ့် သူပြောခဲ့တဲ့ စကားတစ်ခွန်းကတော့ မှတ်သားစရာ ကောင်းတယ် - "I have failed over and over and over again in my life. And that's why I succeed." ဒီလူတွေ ဘာကြောင့် အောင်မြင်ခဲ့ရလဲ ဆိုရင် သူတို့တွေဟာ ကျရှုံးမှုကြောင့် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ သိမ်ငယ်မသွားဘူး - ဒီကျရှုံးမှုကနေပဲ သူတို့အတွက် သင်ခန်းစာ ပြန်ယူပြီး ထပ်ခါထပ်ခါ ကြိုးစားကြတယ် -
ဒီလိုဆင်တူတဲ့ ဥပမာတွေ ကမ္ဘာ့သမိုင်း - မြန်မာ့သမိုင်းတွေမှာ ကျွန်တော်တို့ အကြိမ်ပေါင်းမနည်း သင်ခဲ့ရဖူးတယ် - ကျရှုံးမှု တစ်ခု ရှိလာခဲ့ရင် ဘယ်တော့မှ အားမငယ်ပါနဲ့ - မိမိကိုယ်ကိုယ် ပြင်ဆင်ပါ - တည်ဆောက်ပါ - ပန်းတိုင်ထိရောက်အောင်သွားပြီး လိုလားချက်ကို ရယူကြပါ - ဒါဟာ ပညာတတ်တွေရဲ့ စံဖြစ်ပါတယ်။
ဖေးမမြှင့်တင်နိုင်မှု - လူတစ်ယောက်ဟာ ဘွဲ့တွေ ဘယ်နှစ်ခုရရ - ဘယ်လောက်ပဲ ကြွယ်ဝချမ်းသာ ချမ်းသာ - ပညာတွေ ဘယ်လောက်ပဲ တတ်တတ် ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ့်နဲ့ တန်းတူ / ကိုယ့်လောက်နီးနီး / ကိုယ့်ထက်ကျော်ပြီး တော်တတ်သိမြင် လာအောင် ကူညီတည်ဆောက်နိုင်စွမ်း မရှိရင် ( ဝါ ) ဖေးမမြှင့်တင်ပေးဖို့ မေ့လျော့ခဲ့ရင် အဲ့လူကိုလည်း ပညာတတ်လို့ သုံးနှုန်းလို့ မရပြန်ဘူး - မြန်မာလူမျိုး အများစုဟာ ပေးကမ်းစွန့်ကျဲဖို့ကိုတော့ ရက်ရက်ရောရော ရှိတတ်ကြပြီး အရင်းအမြစ်ကို မျှဝေပေးဖို့ ဆိုရင်တော့ အလွန်တရာမှကို တွန့်တိုတတ်ကြတာ တွေ့ရတယ် - အဲ့ဒီ့တွန့်တိုမှုကို စကားအရာနဲ့ အလှဆင် ဖာထေးထားတဲ့ ဆရာစားချန် ဆိုတဲ့ စကား တစ်ခွန်းတောင် မြန်မာမှုနယ်ပယ်မှာ ခုချိန်ထိ တွင်တွင်သုံးနေ ကျသေးတယ်
- တကယ်တော့ ဖေးမကူညီမှု ( ဝါ ) သင်ကြားပြသမှု တစ်ခုမှာ ဆရာစားဆိုတာ ချန်ထားသမျှ ပြည့်စုံတဲ့ ဖေးမကူညီမှု ( ဝါ ) သင်ကြားပြသမှု တစ်ခု ဘယ်တော့မှ ဖြစ်မလာနိုင်သလို - သင်ကြားပေးသူဘက်က ကြည့်ရင်လည်း ငါ ဆရာစားချန်ထားတာပဲ ဒီကောင့်ထက် အနည်းဆုံးတော့ ငါတစ်ခုပိုသိတယ်ဆိုတဲ့ ယုံကြည်စိတ်ကြောင့် သူ့ထက်မြင့်တဲ့ ပညာရပ် တစ်ခုကို ထပ်တိုးလေ့လာဖို့ မကြိုးစားဖြစ်တော့ပဲ ဆရာစားချန်ထားတဲ့ ပညာလေးနဲ့ ဆရာဆက်လုပ်ရင်း ဘဝက ကုန်လွန်သွားကြတယ် - သူသေသွားတော့ သူ့တပည့်ကလည်း ဒီနည်းကိုပဲ ဆက်ပြီး ကျင့်သုံးတယ် - အဲ့လိုနဲ့ မြန်မာမှု မြန်မာ့ဟန် မြန်မာ့နည်းပညာဟာ ရှေးယခင်ယခင်တွေတုန်းက ကမ္ဘာမှာ ပြောသလောက် မနိမ့်ပါးခဲ့ပေမယ့် နောက်ပိုင်းမှာ သိသိသာသာ နိမ့်ပါးလာခဲ့ရတယ်
- ဒီအသိတရားကို သင်ခန်းစားယူပြီး နောင်တစ်ချိန်မှာ ဒီလို မဖြစ်ရအောင် ပြဌာန်းချက် သင်ရိုးတွေမှာ သင်ခန်းစာတွေ ထည့်သွင်းသင်ကြားခဲ့ကြပေမယ့် လူငယ်တွေဟာ သင်ခန်းစာကို သင်ရိုးထဲမှာပဲ ထားပြီး ကိုယ့်ပတ်ဝန်းကျင် - ကိုယ့်အသိုင်းအဝိုင်း - ကိုယ့်လူမျိုး - ကိုယ့်နိုင်ငံက မျိုးဆက်အဆင့်ဆင့်ကို လက်ဆင့်ကမ်းဖို့ကိုတော့ မေ့လျော့နေခဲ့ကြတယ် - ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး အမေရိကန်ကျောင်းသားတွေကို President Obama ပြောခဲ့တဲ့ စကားလေး တစ်ချို့ ပြန်သတိရမိတယ် - သူပြောခဲ့တာက -
Quote:
Young people.
Students who sat where you sit 75 years ago who overcame a depression and won a world war; who fought for civil rights and put a man on the moon.
Students who sat where you sit 20 years ago who founded Google and Twitter and Facebook and changed the way we communicate with each other.
So today, I want to ask all of you,
• what's your contribution gonna be?
• What problems are you gonna solve?
• What discoveries will you make?
• What will a President who comes here in 20 or 50 or 100 years say about what all of you did for this country?
Now, your families, your teachers, and I are doing everything we can to make sure you have the education you need to answer these questions. I'm working hard to fix up your classrooms and get you the books and the equipment and the computers you need to learn. But you've got to do your part, too. So I expect all of you to get serious this year. I expect you to put your best effort into everything you do. I expect great things from each of you. So don't let us down. Don't let your family down or your country down. Most of all, don't let yourself down.
Make us all proud.
ဒီနေ့ခေတ် ဒီနေ့အချိန်မှာ ပညာတတ် အမည်ခံ ဘွဲ့ရသူတွေ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာပေမယ့် အပေါ်မှာ ဖော်ပြခဲ့သလို စစ်မှန်တဲ့ ပညာတတ် အရည်အသွေးနဲ့ ရပ်တည်လုပ်ကိုင်ကြတဲ့ လူငယ်တွေကတော့ တဖြည်းဖြည်း ရှားပါးလာခဲ့ပြီ - ပညာကပေးတဲ့ အနှစ်သာရကို နားမလည်ကြတဲ့ လူငယ်တွေ တဖြည်းဖြည်း အရွယ်ရောက်လာကြပြီ - ဒါဟာ သိပ်ကြောက်ဖို့ ကောင်းတဲ့ လူသားအရင်းအဖြစ် ပြုန်းတီးမှုပါ
- ဒီအကြောင်းအရာကို ရေးဖြစ်ခဲ့တာ ပညာတတ်နဲ့ ပိုင်ဆိုင်မှု ဆိုတဲ့ စံသတ်မှတ်ချက်တွေ ကြားထဲက ကွာဟချက်တွေကို လူငယ်တွေ အတွေးမမှားရအောင်နဲ့ အယူအဆမှားတွေကို ပြင်ဆင်နိုင်စေချင်လို့ ဖြစ်ပါတယ်။ မြန်မာလူငယ်များ တွေးဆဆင်ခြင် မြှင့်တင် အောင်မြင်နိုင်ကြပါစေ။
- https://www.facebook.com/excellencenews
0 comments:
Post a Comment