Thursday, August 1, 2013

RCSS/SSA (ယွက်ဆစ်)အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံရွာသား(၆၃)ဦး ပြန်လည်လွတ်မြောက်


၂၀၁၃ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် RCSS/SSA (ယွက်ဆစ်)အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးသွားသော မိုင်းယောင်းမြို့နယ် ၀မ်တပ်ကျေးရွာအုပ်စုမှ ဒေသခံရွာသား(၆၃)ဦးမှာ NDAA(မိုင်းလား)အဖွဲ့၏အကူအညီဖြင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း လွှဲပြောင်းလက်ခံ ခေါ်ဆောင်ခဲ့သော အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းထံမှ သိရသည်။

အဆိုပါ ဒေသခံရွာသား(၆၃)ဦးအား မိုင်းယောင်းမြို့၊ ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ခေတ္တထားရှိပြီး ပုဆိုး(၁)ထည်စီ ထောက်ပံ့ပေးခဲ့ကြောင်း၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် RCSS/SSA (ယွက်ဆစ်)အဖွဲ့မှ မိုင်းယောင်းမြို့နယ် ၀မ်တပ်ကျေးရွာအုပ်စု၌ နေထိုင်သော ရာဘာခြံ အလုပ်သမားများနှင့်ဒေသခံရွာသား(၅၉)ဦးအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး အခြားရွာသား(၄)ဦးမှာ လွန်ခဲ့သော ၁ နှစ်ကျော်က RCSS/SSA (ယွက်ဆစ်)အဖွဲ့မှ လူသစ်အဖြစ် စုဆောင်းခံရသော တာလုတ်ရွာမှ ရွာသားများဖြစ်ကြောင်း၊ ယင်းအဖွဲ့အစည်း မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

“ကွန်တော်က ၀မ်တပ်အုပ်စု၊ ၀မ်ဒေးကျေးရွာမှာ နေထိုင်ပါတယ်၊ လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းက ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့ တစ်ဖွဲ့ ရွာထဲကို ညဘက်ကြီး ၀င်လာပါတယ်၊ ရွာလူကြီးအိမ်မှာ ရွာသားအားလုံး စုခိုင်းပါတယ်၊ အဲဒီအထဲကမှ အသက်(၁၈)နှစ်နဲ့ အသက်(၄၀)ကြား ရွာသားတွေကို ဖမ်းခေါ်ခဲ့တာပါ၊ မိုင်းလား အဖွဲ့က စခန်းကို ၀င်တိုက်ပြီးကယ်ခဲ့လို့ အခုလို ပြန်လွှတ်ခဲ့တာပါ” ဟု ပြန်လည်လွတ်မြောက်လာသော ၀မ်ဒေး ရွာသားတစ်ဦးက ပြောပြသည်။

“ကျွန်တော်က မိတ္တီလာဘက်က ဗမာလူမျိုးပါ၊ ၀မ်တပ်ရွာနားမှာရှိတဲ့ ဦးစိုင်းလင်း ရာဘာခြံမှာ ရာဘာစေးခြစ် အလုပ်သမားပါ၊ ကျွန်တော်နဲ့အတူ မိတ္ထီလာနယ်က အလုပ်လာလုပ်တဲ့ ဗမာ(၆)ယောက်ရှိပါတယ်၊ ဇူလိုင် ၂၆ ရက်နေ့က ရှမ်းစစ်တပ်က အဖွဲ့တစ်ဖွဲ့ရောက်လာပြီး ကျွန်တော်တို့ကို လူသစ်လုပ်ရမယ်ဆိုပြီး ဖမ်းသွားပါတယ်၊ ဟိုတစ်နေ့က စခန်းတစ်ခုမှာ ကျွန်တော်တို့ရောက်တဲ့အချိန် တိုက်ပွဲဖြစ်ပါတယ်၊ ရှမ်းစစ်တပ်က ထွက်ပြေးသွား ပြီး မိုင်းလားအဖွဲ့လို့တော့ပြောတယ်၊ အဲဒီအဖွဲ့ရောက်လာပြီး ကျွန်တော်တို့အားလုံးကို ကယ်ထုတ်ခဲ့ပါတယ်၊ မနေကတော့ မိုင်းယောင်းကို ပြန်ရောက်ပြီး ဒီပြည်ခိုင်ဖြိုးရုံးမှာ နေရာချထားပေးပါတယ်” ဟု ရာဘာခြံအလုပ် သမားတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါ ဒေသခံရွာသား(၆၃)ဦးအား မိဘဆွေမျိုးများထံသို့ စနစ်တကျ ပြန်လည်အပ်နှံရန် စီစဉ်နေကြောင်း၊ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းမှ အကြီးအကဲများက လာရောက်အားပေးစကားပြောကြားခဲ့ကြောင်း၊ ဒေသခံ ရွာသားများမှာ သက်ဆိုင်ရာကျေးရွာများသို့ ပြန်ကြမည်ဖြစ်သော်လည်း ရာဘာခြံအလုပ်သမား ဗမာလူမျိုး များမှာ နေရပ်သို့ ပြန်လိုကြောင်း ပြောလာသဖြင့် ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်လျက်ရှိကြောင်း ယင်းအဖွဲ့ အစည်းမှ အကြီးအကဲတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

စိုင်းအောင်

Shan News

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...