အမျိုးသားအကျိုးစီးပွားဆိုတာက အချုပ်အခြာအာဏာပိုင်
နိုင်ငံတစ်ခုအနေနဲ့ သူ့ရဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊
နိုင်ငံနဲ့နိုင်ငံသားတို့ရဲ့ အခွင့်အရေးများကို ကာကွယ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုး
တိုးတက်ရေးတွေ ဆောင်ရွက်နိုင်ဖို့အတွက် အကောင်အထည်ဖော်ရမယ့် အချက်တွေပါပဲ။
အမျိုးသားအကျိုးစီးပွား National Interest ဆိုတဲ့ အယူအဆကို စပြီး ဖော်ထုတ်ခဲ့သူဟာ
မက်ခီယာဗယ်လီ (၁၄၆၉- ၁၅၂၇) ဖြစ်ပါတယ်။
ဒီသဘောတရားကို
ကျယ်ကျယ်ပြန့်ပြန့်စကျင့်သုံးတာကို နှစ်သုံးဆယ်စစ်ပွဲ (၁၆၁၈-၁၆၄၈) မှာ တွေ့ရပါတယ်။
အဲဒီတုံးက ပြင်သစ်နိုင်ငံဟာ ရိုမန်ကက်သလစ်နိုင်ငံဖြစ်ပေမယ့် သာသနာစောင့်
ရောမအင်ပါယာကို ဆန့်ကျင်ပြီး ပရိုတက်စတင့်နိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ခဲ့ပါတယ်။ အဲဒီ
လိုလုပ်ရတာကတော့ ဒီစစ်ပွဲမှာ ပုတ်ရဟန်းမင်းတို့ဘက်က နိုင်သွားရင် ရောမအင်ပါယာက
အလွန်သြဇာကြီးသွားပြီး ပြင်သစ်ရဲ့ အကျိုးစီးပွားကို စိန်ခေါ်လာမှ
စိုးရိမ်လို့ဖြစ်ပါတယ်။
ဒါဟာ အစဉ်အလာအရ ဘာသာရေးကို ဦးစားပေးရာကနေ
နိုင်ငံအကျိုးစီးပွားကို ရှေ့တန်းတင်လိုက်တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့
အမျိုးသားအကျိုးစီးပွားဆိုတဲ့ အယူအဆဟာ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာတာကို
တွေ့ရပါတယ်။
ဒါပေမယ့် နိုင်ငံတစ်ခုရဲ့ အမျိုးသားအကျိုးစီးပွားနဲ့
တစ်ခြားနိုင်ငံတစ်ခုရဲ့ အမျိုးသားအကျိုးစီးပွား ထပ်တူမကျနိုင်ပါဘူး။ နိုင်ငံရဲ့
အမျိုးသားစရိုက်လက္ခဏာ၊ ပထ၀ီဝင်အနေအထား၊ ပထ၀ီနိုင်ငံရေး အခြေအနေ၊ ပြည်တွင်း၊ ပြည်ပ
အခြေအနေများအပေါ် မူတည်ပြီး ပြောင်းလဲမှု၊ ကွာခြားမှုရှိပါတယ်။
သို့သော်လဲ အခြေခံအားဖြင့်နိုင်ငံတော်နယ်မြေတည်တံ့ခိုင်မြဲမှု၊
နိုင်ငံသားများ စည်းလုံးညီညွတ်မှု၊ အချုပ်အခြာအာဏာတည်တံ့မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊
အမျိုးသားရေးဂုဏ်သိက္ခာ၊ အမျိုးသားရေးစွမ်းအားနဲ့ သြဇာအာဏာရှိမှုတို့ကို
ရရှိနိုင်မယ့် အချက်များကို အမျိုးသားအကျိုးစီးပွားအဖြစ် သတ်မှတ်ပါတယ်။ နောက်တစ်ခါ
အမျိုးသားအကျိုးစီးပွားမှာလဲ လုံခြုံရေးဆိုင်ရာ အမျိုးသားအကျိုးစီးပွား နဲ့
စီးပွားရေးဆိုင်ရာ အမျိုးသားအကျိုးစီးပွားဆိုပြီး ထပ်မံ ခွဲခြားနိုင်ပါတယ်။
ဒါ့အပြင် အမျိုးသားအကျိုးစီးပွားရဲ့ အရေးကြီးမှုကိုလိုက်ပြီး သာမန်အကျိုးစီးပွား၊
အရေးကြီး အကျိုးစီးပွားနဲ့ အဓိက (သေရေးရှင်ရေး တမျှအရေးကြီးတဲ့) အကျိုးစီးပွား
Vital Interest ဆိုပြီး ခွဲနိုင်ပါသေးတယ်။
အဲဒီအကျိုးစီးပွားတွေကို သတ်မှတ်ပြီးတဲ့အခါမှာ
ဒီအမျိုးသားအကျိုးစီးပွားတွေကို အကောင်အထည်ဖော်ဖို့ လိုသလို ကာကွယ်ဖို့လဲလိုပါတယ်။
သာမန်အကျိုးစီးပွားများဆိုရင်တော့ သံတမန် နည်းလမ်းများ၊ ပညာရေး၊
ယဉ်ကျေးမှုဖလှယ်ခြင်း၊ မီဒီယာနည်းလမ်း၊ ဖွံ့ဖြိုးရေးနဲ့ နည်းပညာအကူအညီ စတဲ့နည်းလမ်းများကို
သုံးပြီးကာကွယ်တာ၊ ဖော်ဆောင်တာမျိုး လုပ်ပါလိမ့်မယ်။
အရေးကြီးတဲ့ အကျိုးစီးပွားများဆိုရင် အထက်က နည်းတွေအပြင်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ ထောက်လှမ်းရေးလုပ်ငန်းများ၊
အဖျက်နဲ့သူလျှိုလုပ်ငန်းများ၊ စီးပွားရေးအရ အရေးယူခြင်း စစ်အင်အားပြခြင်း
စတာတွေကို အသုံးပြုပြီး ကာကွယ်တာ၊ အကောင်အထည်ဖော်တာ လုပ်ပါတယ်။ အဓိက
အကျိုးစီးပွားဆိုရင်တော့ နောက်ဆုံးမှာ စစ်အင်အားကို အသုံးပြုတဲ့အဆင့်ထိ
ရောက်သွားပြီး ရေကြောင်းမှ ပိတ်ဆို့ခြင်း (Blockade) ၊ စစ်ရေးအရတိုက်ခိုက်ခြင်းနဲ့
တရားဝင်စစ်ကြေညာ တိုက်ခိုက်ခြင်း စတဲ့နည်းလမ်းတွေကို သုံးပါတော့တယ်။
ဒီလို အမျိုးသားအကျိုးစီးပွားရဲ့ အရေးကြီးမှုအပေါ် မူတည်ပြီး
တုန့်ပြန်ပုံနည်းလမ်းတွေ ကွာခြားတာကြောင့် အမျိုးသားအကျိုးစီးပွားရဲ့
အရေးကြီးမှုကို ဘယ်ပေတံနဲ့ တိုင်းမှာလဲဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။
ဒီလိုတိုင်းတာမှုဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူနိုင်ပါဘူး။
အမေရိကန်နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအကြောင်း လေ့လာသူများကတော့ အမေရိကန်နိုင်ငံ အစိုးရများဟာ အမျိုးသား အကျိုးစီးပွားတစ်ခုရဲ့ အရေးကြီးမှုကို အောက်ပါအချက်များနဲ့ တိုင်းတာတယ်လို့ ဆိုကြပါတယ်။
အမေရိကန်နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအကြောင်း လေ့လာသူများကတော့ အမေရိကန်နိုင်ငံ အစိုးရများဟာ အမျိုးသား အကျိုးစီးပွားတစ်ခုရဲ့ အရေးကြီးမှုကို အောက်ပါအချက်များနဲ့ တိုင်းတာတယ်လို့ ဆိုကြပါတယ်။
တစ်။ တည်နေရာ။ (ဘယ်ဒေသမှာရှိသလဲဆိုတဲ့အချက်ပါ။ )
နှစ်။ အန္တရာယ်အမျိုးအစား။
သုံး။ စီးပွားရေးအကျိုးအမြတ်။
လေး။ အာဏာချိန်ဆရေး Balance of Power လိုအပ်ချက်။
ငါး။ အမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာ။
ခြောက်။ အမေရိကန်လူမျိုးများရဲ့ သံယောဇာဉ်။
(အမေရိကန်လူမျိုးအများစုဟာ ဥရောပတိုက်က လာရောက်အခြေချသူ အများစုဖြစ်တာကြောင့် ဥရောပနဲ့
ပတ်သက်ရင် အမေရိကန်က ပိုပြီး အရေးထား တဲ့သဘောပါ။ )
ခုနှစ်။ အဓိကမဟာမိတ်နိုင်ငံများ၏ သဘောထား။
ရှစ်။ ပြည်သူလူထုနှင့် လွှတ်တော်၏ သဘောထား။
ကိုး။ စစ်အင်အားသုံးဝင်ရောက်စွတ်ဖက်ရန်လိုအပ်ပါက ပဋိပက္ခ၏
အတိုင်းအတာ၊ အခြားဒေသများသို့ ပြန့်နှံ့သွားနိုင်သည့် အခြေအနေနှင့်
ထိခိုက်ဆုံးရှုံးနိုင်မည့်အတိုင်းအတာ။
ဘယ်နိုင်ငံမဆို မိမိရဲ့
အမျိုးသားအကျိုးစီးပွားဆိုတာရှိပါတာပါပဲ။ ဒီအကျိုးစီးပွားများကို မူတည်ပြီးမှနိုင်ငံခြားရေးမူဝါဒ၊ ကာကွယ်ရေးမူဝါဒနဲ့ ကုန်သွယ်ရေး မူဝါဒဆိုတာတွေဖြစ်လာတာပါ။
ဒီလိုပဲပြည်တွင်းရေးရာမှာလဲ ဒီအကျိုးစီးပွားတွေကို အကောင်အထည်ဖော်နိုင်ဖို့
လိုအပ်တဲ့ နိုင်ငံရေးအခင်း အကျင်းတွေ လုပ်လာပါတယ်။
လူတစ်ချို့ကမြန်မာနိုင်ငံက ဘယ်လိုမူဝါဒကျင့်သုံးသင့်လဲ၊ အရှေ့မျှော်လား အနောက်မျှော်လား စသည်ဖြင့် မေးနေကြတာ သတိပြုမိပါတယ်။ ဒီမေးခွန်းကိုဖြေနိုင်ဖို့အတွက်မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကဘာလဲ၊ ဘယ်အကျိုးစီးပွားက အဓိကကျလဲဆိုတာ အရင်အဖြေရှာသင့်ပါတယ်။
ဒီလို စဉ်းစားရာမှာ အထောက်အကူဖြစ်နိုင်ဖို့အတွက် အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်ပြီး လေ့လာမိသလောက် ရေးသားလိုက်ခြင်ဖြစ်ပါတယ်။
ဒီလို စဉ်းစားရာမှာ အထောက်အကူဖြစ်နိုင်ဖို့အတွက် အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်ပြီး လေ့လာမိသလောက် ရေးသားလိုက်ခြင်ဖြစ်ပါတယ်။
0 comments:
Post a Comment